DVB Logo
Home
Lead Story
ဖုန်းဘေလ် မလျော်မကန် ဖြတ်သည့်ကိစ္စ ထိရောက်စွာ အရေးယူပါ (အယ်ဒီတာအာဘော်)
DVB
·
February 26, 2019
ဖုန်းဘေလ် မလျော်မကန် ဖြတ်သည့်ကိစ္စ ထိရောက်စွာ အရေးယူပါ (အယ်ဒီတာအာဘော်)
Donate to DVB

ဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းဘေလ်ကို မလျော်မကန် ဖြတ်တောက်နေသည့်ကိစ္စ အများနှင့် သက်ဆိုင်နေသဖြင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဖိဖိစီးစီး ကိုင်တွယ်လုပ်ဆောင်ရန် လွှတ်တော်က တိုက်တွန်းပြောခဲ့သည်မှာ ကြိုဆိုရမည့်ကိစ္စဖြစ်သည်။

သို့သော် တိုက်တွန်းရုံ ပြောဆိုနေရုံနှင့် မလုံလောက်၊ ပြည်သူလူထု၏ ချွေးနည်းစာငွေတွေထဲက တနှစ်ကို ကျပ်ငွေ ၂၅ ဘီလီယံခန့် ယူနေသည့်ကိစ္စကို အစိုးရက  ဥပဒေမရှိဟုဆိုကာ ရှောင်လွှဲနေ၍မရ၊ ထိထိရောက်ရောက် ကိုင်တွယ် အရေးယူပြရမည်ဖြစ်သည်။

မြန်မာပြည်တွင် ဖုန်းဆင်းကတ်တခုကို ဘာအထောက်အထား တခုတလေမှ မပြရဘဲ လမ်းဘေးမှာ ဝယ်လို့ရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖုန်းဆင်းကတ် အလကားရသော်လည်း ပတ်စ်ပို့ပြမှ ဆင်းကတ်ဖွင့်ပြီး သုံးလို့ရတာ ပြေးမြင်မိသည်။

မြန်မာပြည်မှာက မြန်မာ့နည်း မြန်မာ့ဟန်တွေ များလှသည်။ ထားတော့။ ပြဿနာက ဖုန်းထဲ ကြိုတင်ငွေထည့်ပြီး သုံးတော့မှစသည်။ ဆင်းကတ်သုံးစွဲသူများ ဖုန်းနှင့် အင်တာနက်သုံးရန် ငွေဖြည့်ကတ်နှင့် ငွေထည့်ကြရာမှာ ငွေပျောက်တာ မြန်လှဆိုပြီး အွန်လိုင်းပေါ်တွင်  ပေါက်ကွဲသံတွေ မကြာခဏ တက်တက်လာသည်။ ဆက်သွယ်ရေးကုမ္ပဏီကလည်း ငွေ ကျပ် ၃၀၀၀ ထည့်လိုက်တာ ခဏလေးနှင့် ဖြတ်သွားတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဆဲတဲ့သူတွေ ဆဲသံလည်း မကြာခဏ ကြားရသည်။

အခုတော့ ဖုန်းဘေလ် မလျော်မကန်ဖြတ်သည့်ကိစ္စ လွှတ်တော်ထဲ ရောက်လေပြီ။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် ပြည်သူ့လွှတ်တော်တွင် မန္တလေးတိုင်း၊ အောင်မြေသာစံ မဲဆန္ဒနယ်က ဒေါက်တာဦးလှမိုးက ဆက်သွယ်ရေး သုံးစွဲနေသူများအပေါ် စားသုံးသူအခွင့်အရေး ချိုးဖောက်နေသည့် ဆက်သွယ်ရေးကုမ္ပဏီများကို ပြဋ္ဌာန်းပြီး ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေတို့နှင့် ကြပ်မတ်စစ်ဆေး အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးသည်။

ကိုယ်စားလှယ်က သူကိုင်တိုင် ဖုန်းဘေလ် အဖြတ်ခံရပုံ၊ သူ့မိသားစုလည်း အလားတူ ဖုန်းဘေလ်အဖြတ်ခံရပုံ၊ သူ့ပတ်ဝန်းကျင်က သူတွေလည်း ဖုန်းဘေလ် အဖြတ်ခံရပုံတွေ ကိုယ်တွေ့ပြောပြပြီး ဆက်သွယ်ရေးကုမ္ပဏီများက ဒီလိုလုပ်နေတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘယ်လိုအရေးယူမလဲဟု မေးသည်။ ဒါ့အပြင် သူတွက်ချက်ပြတာက “ဒီလို ဖြတ်တောက်မှုဆိုင်ရာမှာ သုံးစွဲသူ သန်း ၆၀ ရှိတဲ့အနက် တပတ်ကို ဝန်ဆောင်မှုတမျိုးအတွက် ဦးရေတသန်းပဲ မှားဖြတ်တယ်ထား၊ တပတ်ကို သန်း ၅၀၀ လောက် နစ်နာပါတယ်၊ တလကို နှစ်ဘီလီယံလောက် နစ်နာပါတယ်။ တနှစ်ကို ၂၅ ဘီလီယံလောက် ကျနော်တို့ သုံးစွဲသူတွေ နစ်နာပါတယ်။”

သက်ဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး၏အဖြေတွင် ကိုယ်စားလှယ်သိလိုတာ ပါမလာသဖြင့်  ဒေါက်တာလှမိုးက ထပ်ဆင့်မေးခွန်းထုတ်ရင်း ဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းသုံးသူတွေဆီက ဖုန်းဘေလ်ကို မလျော်မကန် ဖြတ်တောက်နေခြင်းသည် ခိုးမှုမြောက်သလို တိုင်ကြားမှ ငွေပြန်ထည့်ပေးခြင်းသည်လည်း အလွဲသုံးစားမှုမြောက်သည်ဟု လွှတ်တော်တွင် ပြောခဲ့သည်။

ပို့ဆက်ဒုဝန်ကြီးက လက်ရှိ ဥပဒေ၊ နည်းဥပဒေများအရ ဖုန်းကုမ္ပဏီများကို အရေးယူမရဘဲ ဒဏ်ရိုက်၍သာရသည်ဟု လွှတ်တော်တွင် ပြောသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းဘေလ်ကို မလျော်မကန် ဖြတ်တောက်နေသည့်ကိစ္စ အများနှင့်သက်ဆိုင်နေသဖြင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဖိဖိစီးစီး ကိုင်တွယ်လုပ်ဆောင်ရန် တိုက်တွန်းပြောခဲ့သည်။

ဖုန်းဘေလ် မလျော်မကန်ြဖတ်သည့်ကိစ္စ လွှတ်တော်ရောက်ပြီဖြစ်သဖြင့် စောင့်ကြည့် အဆင့်ရောက်ပြီဟု ဆိုနိုင်သည်။ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့်  ကုမ္ပဏီ ဂုဏ်သိက္ခာကို စောင့်ထိန်းပြီး အများပြည်သူထံမှ ဖုန်းဖြည့်ငွေကို အလွဲသုံးစား မလုပ်ကြရန်၊ မလျော်မကန် မဖြတ်ကြရန်နှင့် ပြည်သူ့ငွေတွေကို ဖြတ်တောက် ခိုးယူနေသူတွေကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူဖို့ ဒီဗွီဘီက နှိုးဆော်တိုက်တွန်းအပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013