DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် မြန်မာလုပ်သား ၃ ဦး သေနတ်ပစ်ခံရ
DVB
·
February 25, 2019
မဟာချိုင်တွင် မြန်မာလုပ်သား ၃ ဦး သေနတ်ပစ်ခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့မှာ မနေ့ညက မြန်မာ အလုပ်သမား ၃ ဦး သေနတ်ပစ်ခံခဲ့ရတယ်လို့ ချယ်နယ်  ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၁၀ နာရီလောက်က မဟာချိုင်မြို့ ဆုခ်ဖိဘန်းလမ်း ရုပ်ရှင်ရုံဟောင်း မျက်နှာချင်းဆိုင် တိုက်ခန်းတခုမှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း တိုင်ကြားချက်ရရှိတဲ့ အတွက် လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒုတိယထပ်ရှိ အခန်း တခန်းအတွင်း ဒဏ်ရာရသူ ၃ ဦးတွေ့ရှိလို့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့  မဟာချိုင်နယ်မြေရဲစခန်းက ပြောပါတယ်။

ဒဏ်ရာရသူတွေအားလုံး မြန်မာအလုပ်သမားတွေဖြစ်ပြီး အသက် ၂၂ နှစ်ရွယ် လူရွယ်က လက်ဝဲဘက် လက်မောင်း၊ အသက် ၁၉ နှစ်အရွယ် တယောက်က ညာဘက်ပေါင်၊ အသက် ၂၄ နှစ်ရွယ်တယောက်က ဘယ်ဘက်ပေါင် စသဖြင့် ဒဏ်ရာအသီးသီးရသွားပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာချိုင်ဈေးထဲ ကုန်စိမ်းရောင်းတဲ့ နန်းဆောင်ဘန်ဂျီ ဆုကလပ်က အဆိုပါ ဒဏ်ရရသူ ၃ ဦးစလုံးမှာ သူ့အလုပ်သမားတွေဖြစ်တဲ့အကြောင်းနဲ့ သူတို့ ၃ ယောက်ထဲက တယောက်မှာ ဒီမတိုင်ခင်က ၀က်သားရောင်းသူတဦးရဲ့ သားဖြစ်သူနဲ့ စကားများခဲ့တာရှိတယ်လို့ လို့ပြောပါတယ်။

ဝက်သားသည်ရဲ့ သားဖြစ်သူ နိုင်းကော့ဖ်ဟာ ဖေဖော်ဝါရီ ၂၂ ရက်ညကလည်း သူ့အလုပ်သမားကို တကြိမ်လာရောက်ထိုးကြိတ်ခဲ့လို့ ရဲစခန်းမှာ အမှုဖွင့် ထားပေးခဲ့ပြီး မနေ့ညမှာတော့ အပေါင်းအဖော် ၇ ဦး ၈ ဦးနဲ့ နောက်တကြိမ် ထပ်မံရောက်ရှိ လာကာ သေနတ်နဲ့ ၀င်ပစ်သွားတာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ပြောပါတယ်။

နိုင်းကော့ဖ်နဲ့ အပေါင်းပါတွေဟာ မနေ့ညက အလုပ်သမားတိုက်ခန်းရှိရာကို ဟိုင်းလပ်ကား ၂ စီး ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာတာဖြစ်ပြီး မြန်မာလုပ်သား ၃ ယောက်ကို ပစ်ခတ်ခဲ့သလို သူတို့ဆိုင်ကယ်ကိုလည်း ရိုက်နှက်ဖျက်ဆီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လောလောဆယ် နိုင်းကော့ဖ်နဲ့ အပေါင်းပါတွေ ထွက်ပြေးလွတ်မြောက်နေပြီး ရဲစခန်းက သူတို့ကို တပါးသူအားသေကြောင်းကြံစည်မှု၊ အများပြည်သူကြားထဲ လက်နက်နဲ့ ပစ်ခတ်မှု၊ အများပြည်သူကြားလက်နက်ကိုင်ဆောင်မှု၊ နယ်မြေကျူးကျော်မှုတွေနဲ့ အမှုဖွင့်ပြီး လိုက်လံ ရှာဖွေဖမ်းဆီးနေတယ်လို့ ထိုင်းရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား - ch3thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013