
တောင်ငူမြို့ လူမြင်ကွင်းမှာဖြစ်ခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှုကို ဒေသခံ ရဲတပ်ဖွဲ့နဲ့ ပဲခူးတိုင်း မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ)တို့က စတင် ပူးပေါင်းစစ်ဆေးနေပါတယ်။
ဒီဖြစ်စဉ်မှာ ကိုယ်တိုင်မြင်တွေ့ခဲ့ကြသူတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး စီအိုင်စီက မြို့သစ်နယ်မြေရဲစခန်းနဲ့ ပူးပေါင်းပြီး စတင်စစ်ဆေးနေတာပါ။
အမှုကို စီအိုင်ဒီက စစ်ဆေးနေတာနဲ့ ပတ်သက်လို့ ကေတုမတီမြို့သစ်နယ်မြေ ရဲစခန်းကို ဆက်သွယ်ရာမှာတော့ အမှုကို ခိုင်မာကျစ်လစ်အောင် တည်ဆောက်နိုင်ဖို့အတွက် စီအိုင်ဒီကို လွှဲပြောင်းပေးလိုက်ပြီလို့ ရဲ့စခန်းတာဝန်ရှိသူက ပြောပါတယ်။
ဒီအမှုဟာ တောင်ငူခရိုင် ကေတုမတီမြို့ မင်းကြီးညိုရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးမှာ ၂၀၁၂ ခုနှစ်ကတည်းက ဝယ်ယူထားတဲ့ခြံကို ခြံစည်ရိုးကာဖို့နဲ့ ဂရန်သက်တမ်းတိုးဖို့အတွက် မှတ်ပုံတင်မိတ္ထူ လာငှားရာကနေ စတင်ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်စဉ်မှာ အငြိမ်းစားအရာခံဗိုလ် ဦးတိုးကြည်နဲ့ သားဖြစ်သူ ရဲဝင်းတို့က ဓာတ်ကြိုးသွယ်တန်းရာမှာ အသုံးပြုတဲ့ ကြွေသီးဟောင်းနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ရေတပ်ဗိုလ်မှူးဟောင်း ဦးစိုးလင်းသန်းနဲ့ ဇနီးဖြစ်သူတို့ သေဆုံးခဲ့ရပြီး သမီးဖြစ်သူက ဦးခေါင်းမှာ ဖူးယောင်ဒဏ်ရာ ရရှိခဲ့တာပါ။
အခုလို လူသေဆုံးခဲ့တဲ့အထိ ရိုက်နှက်ခဲ့တဲ့ ကိုရဲဝင်းနဲ့ ဖခင်ဖြစ်သူ ဦးတိုးကြည်တို့ကို မြို့သစ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၂၅/၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သားကြီး(တောင်ငူ)











