DVB Logo
Home
မြန်မာသတင်း
အစိုးရက မြေယာပြဿနာကို မူဝါဒအတိုင်း ကိုင်တွယ်ရန် ကေအန်ယူ တရားသူကြီးတိုက်တွန်း
DVB
·
February 25, 2019
အစိုးရက မြေယာပြဿနာကို မူဝါဒအတိုင်း ကိုင်တွယ်ရန် ကေအန်ယူ တရားသူကြီးတိုက်တွန်း
Donate to DVB

မြေယာပြဿနာတွေကို ကေအန်ယူရဲ့ မြေယာမူဝါဒနဲ့ လုပ်ငန်းစဉ်အပေါ်မှာ ရပ်တည်ပြီး ပြတ်ပြတ်သားသားကိုင်တွယ်ပေးသလို နိုင်ငံတော်ဘက်ကလည်း ချမှတ်ထားတဲ့မူဝါဒအတိုင်း ပြတ်ပြတ်သားသားကိုင်တွယ် ပေးဖို့လိုတယ်လို့ ကေအန်ယူ၊ ဒူပလာယာခရိုင်၊ ခရိုင်တရားသူကြီး ဦးစောမောင်မြင့် က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်က  မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာအုပ်စု၊ ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ပတ်သက်ပြီး နစ်နာတဲ့ဒေသခံ တောင်သူတွေက စုပေါင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

အဆိုပါကျေးရွာအတွင်းက သာသနာပိုင်ရေသိမ်အင်းနဲ့ ဒေသခံတောင်သူပိုင် လယ်ယာမြေ ဧက ၁၀၀ ကို လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်း၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့၊ ရပ်ကျေးအတွင်းရေးမှူးနဲ့ ဆက်စပ်ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ က ကျေးရွာအသီးသီးက လယ်ယာမြေ ဧက ၁၀၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြပြီး သုံးယူခဲ့ပါတယ်။

ဒီလို လယ်ယာမြေတွေကို မတရားသိမ်းယူခဲ့တဲ့အတွက် သမ္မတ၊ မွန်ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြတိုင်ကြားခဲ့ပေမယ့် ပြေလည်အောင်ဖြေရှင်းပေးတာ မရှိလို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

ကေအန်ယူ၊ ဒူပလာယာခရိုင်တရားစီရင်ရေးဌာန၊ ခရိုင်တရားသူကြီး၊ ဦးစောမောင်မြင့် က“ကေအန်ယူရဲ့ မြေယာမူပေါ်လစီရှိသလို လမ်းစဉ် လုပ်ငန်းစဉ်ပေါ်မှာ ရပ်တည်ပြီးတော့ ပြတ်ပြတ်သားသားကိုင်တွယ်ပေးတာ ရှိတယ်။ ဒါကြောင့်မို့ နိုင်ငံတော်ဘက်ကလည်း ချမှတ်ထားတဲ့မူဝါဒအတိုင်း ပြတ်ပြတ်သားသား ကိုင်တွယ် ပေးစေချင်တယ်”လို့ ပြောပါတယ်။

ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဒေါ်နန်းထက်ထက်အောင် က“ဒီသိမ်အင်းက ကျမငယ်ငယ်က သာသနာ့ပိုင်မြေလို့ကြားတယ်။ ကျမအပေါ်က အုပ်ချုပ်ရေးမှူးတွေက ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာ ခရိုင်၊ မြို့နယ်လည်းရောက်ထားတယ်။ ကျမတို့လယ်စီက ကွင်းမဆင်းရသေးတာပဲရှိတယ်”လို့ ပြောပါတယ်။

ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာ၊ ဦးစောညွှန့်သောင်း က “ဒီအမှုက ဘယ်တော့မှ မရှင်းတတ်ဘူး။ ဘာကြောင့်မရှင်းတတ်လဲဆိုရင် ကေအန်ယူတဖက် အစိုးရတဖက်။ ကေအန်ယူက အမှန်အကန်လုပ်တယ်။ ဟိုဖက်အခြမ်းက မမှန်ကန်ဘူးလို့ ကျနော်မပြောဘူး။ ဒါပေမယ့် မှန်ကန်အောင်သိချင်ရင် ကွင်းဆင်း”လို့ ပြောပါတယ်။

ကျိုက်မရောမြို့နယ်၊ မရင်းကုန်းကျေးရွာ၊ ဒေါ်မငယ်က“ကျမတို့လည်း လူရောစိတ်ရော ပင်ပန်းနေပြီး။ လယ်ယာမြေမှုခင်းက ဘာတခုမှမပြေလည်သေးဘူး။ အမှန်တရားအတွက် မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့ တောင်း ဆိုချင်တယ်”လို့ ပြောပါတယ်။

ကျုံကွယ်၊ လမုခို ကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နယ်နိမိတ်အနီးက ကျေးရွာတွေဖြစ်ပြီး အုပ်ချုပ်ရေးအလှမ်းဝေးကွာသလို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေတွေလည်း ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ဒေသခံလယ်မြေ ဧက ၁၀၀၀ ကျော်နဲ့ သာသနာပိုင်မြေတွေကို သိမ်းဆည်းခဲ့သလို သက်ဆိုင်ရာ လယ်ယာမြေနဲ့ စာရင်းအင်းဦးစီးဌာန ၀န်ထမ်းတွေနဲ့ ညှိနှိုင်းပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ တွေကို တရားမ၀င်ထုတ်ယူတာတွေလည်း ရှိတယ်လို့ ကျေးရွာတာဝန်ရှိသူတဦးက ပြောပါတယ်။

ဖြစ်ပွားနေတဲ့ မြေယာအမှုအခင်းတွေကို သက်ဆိုင်ရာအစိုးကို တင်ပြတိုင်ကြားရာမှာ ထိရောက်တဲ့ဖြေရှင်းပေးမှု တွေမရှိတဲ့အပြင် အုပ်ချုပ်ရေးမှူးတွေရဲ့ ခြိမ်းခြောက်တာတွေရှိတဲ့ အတွက် ကေအန်ယူတပ်မဟာ ၆၊ ဒူပလာယာခရိုင် တရားစီရင်ရေးဌာနကို တင်ပြတိုင်ကြား ခဲ့ရတာ တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013