
အမေရိကန်နိုင်ငံ ဒါးလတ်စ်မြို့၊ အုတ်ခ်ကလစ်ဖ် လူနေရပ်ကွက်က တိုက်ခန်းတွဲတခုမှာ မေ ၂၈ ရက် က ဓာတ်ငွေ့ပေါက်ကွဲမှုနဲ့အတူ အဆင့် ၅ ရှိ ပြင်းထန်တဲ့ မီးလောင်မှုကြီး ဖြစ်ပွားခဲ့အပြီး လူ ၃ ယောက် သေဆုံးခဲ့ပြီးတော့ တိုက်ခန်းအဆောက်အအုံလည်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အမျိုးသမီး ၂ ယောက်နဲ့ ကလေးတယောက်၊ စုစုပေါင်း လူ ၃ ယောက် သေဆုံးခဲ့ပြီး တခြားလူအတော်များများလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရတဲ့အထဲက တယောက်ကတော့ စိုးရိမ်ရပေမဲ့ အခြေအနေ တည်ငြိမ်နေပါတယ်။
အဲဒီနားမှာ ဓာတ်ငွေ့ယိုစိမ့်မှု ရှိနေတယ်ဆိုတဲ့ သတင်းပေးချက်အရ မီးသတ်သမားတွေ သွားရောက် စစ်ဆေးနေတုန်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ABC သတင်းဌာနခွဲတခုဖြစ်တဲ့ WFAA က ပြောပါတယ်။
နောက်ပိုင်းမှာ WFAA က ရိုက်ကူးထားတဲ့ ဝေဟင်ဗီဒီယိုဖိုင်တွေထဲမှာတော့ အပျက်အစီးပုံကြီးတွေ ရှိတဲ့နေရာကနေ မီးခိုးတွေ အလုံးအရင်းနဲ့ ထွက်နေတာကို တွေ့ရပါတယ်။
ဝေဟင်ဗီဒီယိုဖိုင်တွေထဲမှာ မီးသတ်သမားတွေဟာ အပျက်အစီးတွေ ပြန့်ကျဲနေတဲ့နေရာမှာ ရေဖျန်း ငြှိမ်းသတ်နေတာတွေ့ရပြီး မီးသတ်အဖွဲ့တွေကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ် နေကြပါတယ်။
အမျိုးသားသယ်ယူပို့ဆောင်ရေး ညီညွတ်ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) ကလည်း သဘာဝ ဓာတ်ငွေ့ကြောင့်ဖြစ်ရတဲ့ ဒီပေါက်ကွဲမှုရဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့အတွက် ကြာသပတေးနေ့မှာပဲ စုံစမ်းရေးအဖွဲ့တဖွဲ့ စေလွှတ်ထားပါတယ်။
Source:Reuters










