DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ အလိုတော်ပြည့်ကျောင်းတိုက် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း ဆေးအလှူရှင်များ လိုအပ်နေ
DVB
·
February 24, 2019
မိတ္ထီလာ အလိုတော်ပြည့်ကျောင်းတိုက် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း ဆေးအလှူရှင်များ လိုအပ်နေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အဝင် ညောင်တုန်းရွာရှိ အောင်မြေမဟာဗောဓိ အလိုတော်ပြည့် ကျောင်းက မကျန်းမာသည့်ပြည်သူတွေအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဆေးအလှူရှင်တွေ လိုအပ်နေပါတယ်။

ဆေးဖိုး ကုန်ကျစားရိတ်များပြားပြီး ဆေးပြတ်လပ်မှာ စိုးရိမ်နေရတယ်လို့ ဦးဆောင်ဆရာတော် ဥူးဇင်းလေးဥူးစန္ဒဝံသက မိန့်ပါတယ်။

"အလှူရှင် ၆ ဦး ငွေခြောက်ထောင်နဲ့ စခဲ့တဲ့ ဆေးခန်းပါ။ တလတကြိမ်ပဲ ဖွင့်ဖွင့် ဆေးကုသိုလ်အနေနဲ့ စောင့်ရှောက်မယ်ဆိုပြီး စခဲ့တာပါ။ အခုတော့ အပတ်စဉ် စနေနေ့တိုင်း စောင့်ရှောက်ပေးနိုင်နေတယ်။ အဲလိုဆေးကုပေးနေတာ အလှူရှင်မရှိရင် ဆေးပြတ်လပ်ပြီး ရပ်တန့်သွားမှာ စိုးရိမ်ပါတယ်။ ဒါလေးကို ရာသက်ပန်ခိုင်မြဲပြီး ဒီထက်တဆင့်တက်လို့ နေ့စဉ်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ကြိုးစားနေတာမှာ ဆေးပဒေသာပင် စိုက်ထူနိုင်မယ့် ဒါယိကာတွေ လိုအပ်နေပါတယ်။ ဒီအနီးအနားက အိမ်ထောင်စု ၅၀၀၀ လောက်က ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာပါ" လို့ ဒီဗွီဘီကို ဆက်မိန့်ကြားပါတယ်။

ညောင်တုန်းရွာ၊ ပြည်သာယာတောင်နဲ့ မြောက်၊ သဲကုန်းရွာ၊ ရှမ်းတဲရွာ၊ ရေတွင်းဖြူရွာ၊ ဂွေးတောက်ကုန်းရွာ၊ ဇောင်ချမ်းကုန်းရွာ၊ ကန်နဘောက်ရွာ၊ မကျီးစုရွာ၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်က မကျန်းမာတဲ့ ပြည်သူတွေအနေနဲ့ ဆေးခန်းကို အားကိုးနေရတယ်လို့ ပြည်သာယာတောင်ပိုင်းက ဆီးချိုဝေဒနာရှင် ဒေါ်ကြည်ဌေးက ပြောပါတယ်။

"ဒီဆေးခန်းက အားကိုးရာ တခုပါ။ ဖြစ်နေတဲ့ ရောဂါအများကြီး သက်သာပါတယ်။ ဒီမှာလာဆေးကုရတာ ကျေးဇူးလည်း တင်ပါတယ်။ ကျမတို့က ဆေးပဲလာကုနေတာ ပိုက်ဆံတပြားမှ မလှူနိုင်ပါဘူး၊ ဆေးခန်းလေး ပျက်မသွားအောင် ဆေးအလှူရှင်များ လှူစေချင်ပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။

ဆရာမ ဒေါ်သန်းဌေးက “၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ဆေးခန်းလေးပါ။ စနေနေ့တိုင်း လူနာ ၄၅ ဦးကနေ ၅၀၊ ၇၀ အထိ ရှိနေပါတယ် တရားစခန်းက ယောဂီတွေရောဆို ၈၀၊ ၁၀၀ လောက် ဆေးကုပေးနေရပါတယ်။ ယောဂီတွေမများရင်တော့ ဆရာဝန် ၁ ဦးနဲ့  အကူဆရာမ ၆ ဦး ၇ ဦး လောက်နဲ့ စောင့်ရှောက်ပေးပါတယ်။ ယောဂီတွေများတဲ့အခါ ဆရာဝန် ၂ ဦးလောက်နဲ့ ဆေးကုပေးနေရပါတယ်။ ဆေးခန်းလေး ပျက်မသွားအောင် အလှူရှင်တွေ ရှိစေချင်တယ်"လို့ ပြောပါတယ်။

အောင်မြေမဟာဗောဓိ အလိုတော်ပြည့်ကျောင်းတိုက်က ဖွင့်လှစ်ပေးထားတဲ့ အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်းမှာ စနေတရက်ကို အနည်းဆုံးဆေးဖိုး ၁ သိန်းခွဲကျော်လောက် ကုန်ကျနေပြီး တလကို ၆ သိန်းက ၈ သိန်းကြား ကုန်ကျနေပါတယ်။ ကျောင်းတိုက်အတွင်းမှာ ကမ္ဘာ့အကြီးဆုံးအလိုတော်ပြည့် ရုပ်ပွားတော်ကြီးတဆူလည်း ရှိနေပါတယ်။

သတင်း - မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013