စာရေးဆရာကြီး နန္ဒာသိန်းဇံအမှတ်တရ ကျောက်စာတိုင်ဖွင့်ပွဲ ကျင်းပ

စာရေးဆရာကြီး နန္ဒာသိန်းဇံအမှတ်တရ ကျောက်စာတိုင်ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက် အောင်ခြင်းရှစ်ပါး ကျောင်းဝင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။
“ဆရာကြီးနန္ဒာသိန်းဇံဟာ လူ့လောက လူ့အဖွဲ့အစည်းအတွက် တန်ဖိုးထား မြတ်နိုးဖွယ် ကောင်းတဲ့ အသိပညာရတနာတွေကိုထားရစ်ခဲ့တဲ့ ဆရာဖြစ်ပါတယ်။ ဆရာထားရစ်ခဲ့တဲ့ အသိပညာ ဒသနတွေဟာ လူ့ဘောင်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နေဦးမှာ ပါပဲ”လို့ စာရေးဆရာဉာဏ်သစ်က ပြောပါတယ်။
အခမ်းအနားကို ဆရာရဲ့တပည့်တွေ၊ စာရေးဆရာ ကဗျာဆရာတွေ တက်ရာက်ကြပြီး ဒေါက်တာစန်းထွန်း၊ ဒေါက်တာအေးအေးမာ၊ ဒေါက်တာထွန်းရွှေ၊ စိုးနိုင် (မန္တလေး)၊ မောင်နွေထက်၊ အနီမောင်၊ ဇော်ထိန်၊ မောင်ဖြိုးဝေ၊ တက္ကသိုလ်တေဇာလင်း (ချပ်သင်း)၊ ဇော်ခိုင်ဦး တို့က အမှတ်တရစကား အမှတ်တရကဗျာများ ရွတ်ဖတ် ပြောကြားခဲ့ပါတယ်။
ဆရာကြီးနန္ဒာသိန်းဇံဟာ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း အပါအဝင် ဒဿနစာအုပ်ပေါင်း ၁၉ အုပ်နဲ့အတူ အင်္ဂလိပ်ဘာသာနဲ့စာအုပ် ၂ အုပ်လည်း ထုတ်ဝေခဲ့ကာ ၂၀၁၁ခုနှစ်သြဂုတ်လ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။











