DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်လမ်းစဉ်က တိုင်းရင်းသားတွေ စွန့်ကို စွန့်လွှတ်ပေးရမယ် - ဗိုလ်ချုပ်စိုးနိုင်ဦး
DVB
·
February 23, 2019
လက်နက်ကိုင်လမ်းစဉ်က တိုင်းရင်းသားတွေ စွန့်ကို စွန့်လွှတ်ပေးရမယ် -  ဗိုလ်ချုပ်စိုးနိုင်ဦး
Donate to DVB

ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်တောင်းဆိုလို့မရဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ပါက တပ်မတော်ဟာ နိုင်ငံရေးက စွန့်ခွာသွားမယ်လို့ ပြောခွင့်ရသူတွေက ဆိုပါတယ်။

အပစ်အခတ်ရပ်စဲခဲ့တဲ့ ၂ လကြာ အခြေအနေ၊ ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာလုပ်တဲ့ တင်မတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

လက်နက်ရှိမှ လူရာဝင်မယ်လို့ ယူဆတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ များလာတာဖြစ်ပြီး တိုင်းရင်းသားတွေဟာ လက်နက် စွန့်ကို စွန့်ရမယ်လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောပါတယ်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေ များလာတဲ့အပေါ်မှာ သုံးသပ်ရရင်တော့ သူတို့က လက်နက်ကိုင်တပ်ဖွဲ့ရှိမှ သူတို့တိုင်းရင်းသား လူရာဝင်တယ်ဆိုတဲ့ အယူအဆမျိုး နောက်ပိုင်းမှာ ရှိလာတယ်။ ဒီမိုကရေစီမှာကတော့ လက်နက်ကိုင်တောင်းဆိုလို့တော့ မရဘူး ဆိုတဲ့ဟာက ရှိနေပါတယ်။ ကျနော်တို့ သွားမှာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုသွားမှာ ဖြစ်တယ်။ ဒါဆိုရင် ဒီလက်နက်ကိုင်လမ်းစဉ်က တိုင်းရင်းသားတွေ စွန့်ကို စွန့်လွှတ်ပေးရမယ်၊ ကျနော်တို့ အယူအဆ ရှိပါတယ်။”

ဒါဟာ နှစ်ပေါင်း ၇၀ နီးပါးလောက် ရှိနေခဲ့တဲ့ ပြဿနာဖြစ်ပြီး လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ပြီးတော့ သူဟာ တိုင်းရင်းသား အဖွဲ့တွေနဲ့  လက်တွေ့ ထိတွေ့နေတဲ့သူ တယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

“အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ သူတို့မှာ Emotion တွေ ရှိတယ်။ နောက်တခုက သူတို့မှာ စိုးရိမ်စိတ်တွေ ရှိတယ်။ နောက်တခုက သူတို့မှာ အကျိုးစီးပွားတွေရှိတယ်။ ဒီ ၃ ချက်ပေါ်မူတည်ပြီးကာမှ သူတို့အနေနဲ့ ဆောင်ရွက်နေတာ ရှိတယ်။ ဒါကြောင့်မို့လို့ ယုံကြည်မှုကို မရသေးခင်မှာ အချင်းချင်း အပြန်အလှန်ထိတွေ့ပြီး နားလည်မှုရအောင် ဆောင်ရွက်နေပါတယ်။ ကျနော်တို့သွားမှာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဟာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ အန်စီအေလမ်းကြောင်းပေါ်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး သွားနိုင်အောင် ကျနော်တို့ ဆောင်ရွက်မယ်။ အဲဒီအချိန်မှာ သေနတ်သံတွေ ရပ်သွားမယ်။ သူတို့ကို ကျနော်တို့က DDR (လက်နက်ဖြုတ်သိမ်းရေး) လုပ်ခိုင်းလိုက်တာ မဟုတ်ဘူး။ သူတို့လက်နက်တွေကို သူတို့ သိမ်းထား၊ သေနတ် မပစ်နဲ့တော့။ ဆွေးနွေးတဲ့ လမ်းကြောင်းပေါ်မှာပဲ ရအောင် အဖြေရှာကြမယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ပစ်ခတ်နေတာတွေလည်း ရှိတာကြောင့် အားလုံး စွန့်လွှတ်မှ အဆင်ပြေမယ်လို့လည်း ပြောပါတယ်။

ဒီအတွက် အချိန်သတ်မှတ်ချက် မထားရင် အဆင်မပြေတာကြောင့် ၂၀၂၀ မှာ ငြိမ်းချမ်းရေး ရစေရမယ်လို့ တပ်မတော်က ထုတ်ပြန်ထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတော့ဘူးဆိုရင်  တပ်မတော်ဟာ နိုင်ငံရေးကနေ စွန့်ခွာမယ်လို့ ဆိုပါတယ်။

“ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ ကာလမှာ သီအိုရီအရ အင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းဖို့ လိုပါတယ်။ ကျနော်တို့နိုင်ငံမှာ တကယ်တမ်း ခိုင်မာအားကောင်းတဲ့ အင်စတီကျူးရှင်းဆိုလို့ လောလောဆယ်တော့ တပ်မတော်တခုပဲ ရှိပါတယ်။ ဒီလိုမျိုးပြောရတာကလည်း အမြင်အရ ကျနော်တို့ ပြောနေတာ။ ကျန်တာတွေလည်း အားကောင်းအောင် ဝိုင်းလုပ်ပါ။ လောလောဆယ် အသွင်ကူးပြောင်းနေတဲ့ ကာလမှာ အလုပ်အရမ်းမများအောင် ဒီမိုကရေစီလမ်းကြောင်းကို အောင်အောင်မြင်မြင်ရောက်ဖို့အတွက် ကျနော်တို့ ဒီဟာကို ထိန်းကျောင်းပေးနေတယ်ဆိုတဲ့ အယူအဆကို လက်ခံစေချင်ပါတယ်။ နောက်တခုကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ မရှိတော့ဘူး၊ ငြိမ်းချမ်းသွားရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ပြောထားတာ ရှိပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးကနေ စွန့်ခွာဖို့ အစီအစဉ်ရှိပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ လက အန်စီအေ လက်မှတ်ထိုးဖို့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနိုင်ဖို့ တပ်မတော်က အပစ်အခတ်ရပ်စဲပေးပြီး အခြေအနေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တာတွေကို ဒီနေ့ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013