DVB Logo
Home
မြန်မာသတင်း
ပြည်သူမထောက်ခံတော့ပါက သတ္တိရှိရှိနေရာဖယ်ပေးရမည်ဟု အန်အယ်လ်ဒီနာယက အဖွဲ့ဝင်ပြော
DVB
·
February 23, 2019
ပြည်သူမထောက်ခံတော့ပါက သတ္တိရှိရှိနေရာဖယ်ပေးရမည်ဟု အန်အယ်လ်ဒီနာယက အဖွဲ့ဝင်ပြော
1 / 2
Donate to DVB

မိမိကို ပြည်သူလူထုက မထောက်ခံတော့ဘူးဆိုရင် သတ္တိရှိရှိနဲ့ မိမိနေရာကို တခြားသင့်တော်တဲ့သူ၊ ပြည်သူလူထုကို ပိုအလုပ်အကျွေးပြုနိုင်တဲ့သူကို နေရာဖယ်ပေး၊ တာဝန်လွှဲပေးဖို့ လိုတယ်လို့ အန်အယ်လ်ဒီ နာယကအဖွဲ့ဝင် နိုင်သောင်းညွန့်က ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေးမှာ ပြောတာပါ။

အစည်းအဝေးသဘာပတိအဖြစ် တာဝန်ယူထားတဲ့ နိုင်သောင်းညွန့်က “နောက်ဆုံးအနေနဲ့ တိုက်တွန်းချင်တာကတော့ သတ္တိရှိဖို့ပဲ ဖြစ်ပါတယ်။ မိမိကို ပြည်သူလူထုက မထောက်ခံတော့ဘူး။ သဘောမကျတော့ဘူး။ ပါတီဝင်ထုကလည်း မိမိအပေါ် လေးစားမှု မရှိတော့ဘူး။ ယုံကြည်မှု မရှိတော့ဘူးဆိုရင်၊ မိမိရဲ့ ပေါ့လျော့မှု၊ တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ သတ္တိရှိရှိနဲ့ မိမိနေရာကို တခြားသင့်တော်တဲ့သူ၊ တိုင်းရင်းသားပြည်သူလူထုကြီးကို ပိုမို အလုပ်အကျွေး ပြုနိုင်တဲ့သူကို နေရာဖယ်ပေး၊ တာဝန်လွှဲပေးဖို့ပဲဖြစ်ပါတယ်။”

ပြည်သူကို လျစ်လျူရှုတဲ့ လူတိုင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်လို့လည်း သူက ဆိုပါတယ်။

“စည်းလုံးညီညွတ်ခြင်းကတော့ အထူးပြောဖို့ မလိုဘူးဆိုပေမယ့် ပေါင်းစား၊ ပေါင်းဖားတဲ့ စည်းလုံးညီညွတ်ရေးမျိုးကို ပြောတာမဟုတ်ပါဘူး။ တိုင်းရင်းသားပြည်သူလူထုအကျိုးကို သစ္စာစောင့်သိတဲ့ လူတွေအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြပြီး ပြည်သူကို လျစ်လျူရှုတဲ့ လူတိုင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးကို လုပ်ရပါမယ်။”

အန်အယ်လ်ဒီဟာ အစိုးရတာဝန်ယူပြီးနောက်ပိုင်း စီးပွားရေးအရ အအောင်မြင်ဆုံး အခြေအနေထိ ရောက်အောင် မစွမ်းဆောင်နိုင်သေးသလို လူထုတရပ်လုံး ကျေနပ်အားရတဲ့ မဆောင်ရွက်ပေးနိုင်သေးဘူးလို့လည်း နိုင်သောင်းညွန့်က ပြောပါတယ်။

“နိုင်ငံတော် အစိုးရတာဝန်ကို လွှဲပြောင်းယူပြီးတဲ့အခါမှာလည်း၊ ပြည်တွင်း ပြည်ပ စိန်ခေါ်မှုများကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တဲ့ အစိုးရတရပ်အဖြစ် ရပ်တည်နေနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်ကစလို့ အခုအချိန်မှာဆိုရင် စီးပွားရေးအရ အအောင်မြင်ဆုံး အခြေအနေထိ ရောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘူးဆိုပေမယ့် နိုင်ငံရဲ့ ဂျီဒီပီ မြင့်တက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပြည်သူလူထုအတွက် အခွင့်အလမ်းကောင်းများရဲ့အစ၊ အရုဏ်ဦးကိုပဲ လုပ်ကိုင် ဆောင်ရွက်ပေးနိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံး ကျေနပ်အားရသည် အထိတော့ ကျနော်တို့အနေနဲ့ မဆောင်ရွက်ပေးနိုင်သေးဘူးဆိုတဲ့ အရှိတရားကိုတော့ ကျနော်တို့အားလုံး အစွဲကင်းကင်းနဲ့ လက်ခံထားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ ကိုယ်နေရာရဖို့၊ ရာထူးအာဏာတည်မြဲရေးအတွက် လူထုအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်မျိုး မလုပ်ဖို့လိုပြီး ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ တူမှာမဟုတ်ဘူးလို့ ဝေဖန် ပြောဆိုနေသူတွေ၊ ထောက်ပြနေသူတွေရဲ့ စိတ်ပူပန်မှုကို လျစ်လျူရှုထားလို့ မရဘူးလို့လည်း ပြောပါတယ်။

ဒီအစည်းအဝေးကို ရန်ကုန်မှာ ဒီနေ့ကစလို့ ၂ ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဗဟိုကော်မတီဝင် အယောက် ၁၃၀ တက်ရောက်နေတယ်လို့ အန်အယ်လ်ဒီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013