
မကွေးတိုင်းဒေသကြီးအတွင်း နွေရာသီ သောက်သုံးရေရှားပါးမှု အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာတွေကို ကျေးလက်မြေပရဟိတ အဖွဲ့က အလှူရှင်တွေဖိတ်ခေါ်ပြီး ကူညီ ပံ့ပိုးပေးနေပါတယ်။
ကျေးလက်မြေ ပရဟိတအဖွဲ့က ဦးဆောင်သူ ကိုဇော်မင်းထိုက်က “အစိုးရအဖွဲ့နဲ့ ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနတွေအနေနဲ့ နေရာစုံ အချိန်ပြည့် စောင့်ကြည့်ပြီး မဆောင်ရွက်နိုင်တာကြောင့် လိုအပ်ချက်ရှိတဲ့ ကျေးရွာတွေအတွက် အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ဆောက်ရွက်နေတာပါ။”လို့ပြောပါတယ်။
နွေရာသီရောက်ပြီဆိုရင် မကွေး၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီးမြို့နယ်ဘက်က မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတချို့မှာ သောက်သုံးရေရှားပါးတဲ့ ပြဿနာနဲ့ အမြဲ ရင်ဆိုင်နေရတာပါ။
ကျေးလက်မြေ ပရဟိတအဖွဲ့က သောက်သုံးရေ ရှာပါးတဲ့ ကျေးရွာတွေမှာ ရေတွင်းတူဖော်ပေးတာ၊ သောက်သုံရေလှူဒါန်းတာတွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးနေတာ ၇ နှစ်ရှိပြီးဖြစ်ပါတယ်။
ကြာကန်ကျေးရွာ အရှေ့ မြောက်ကုန်းတဲတိုက်က ကိုခင်မောင်ဆွေက “ရေစက်၊ ရေကန်နဲ့ဝေးပြီး တဲစုကလည်းများလို့ သောက်သုံးရေ အခက်ခဲဖြစ်နေတာပါ။ ရေတစည် ကို ၁၅၀၀ ကျပ် လောက်ပေးဝယ်နေရပြီး ဝယ်ချင်တိုင်းဝယ်ယူလို့ မရနိုင်ပါဘူး။ အမှန်တကယ် ရေလိုအပ်တဲ့နေရာကို လာရောက်လှူဒါန်းပေးတဲ့ ရေအလှူရှင်တွေကို အထူးကျေးဇူးတင်ပါတယ်” လို့ဆိုပါတယ်။
မကွေးမြို့နယ် ကြာကန်ကျေးရွာ အရှေ့မြောက်ကုန်တဲတိုက်မှာ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မန္တလေးမှ ကိုခိုင်ဘွားနဲ့ မချောစုစံမိသားစုက သောက်သုံးရေ လှူဒါန်းခဲ့တာပါ။ တနေ့တာ သောက်သုံးရေ လှူဒါန်းမှုအတွက် ကျပ် ၁၂ဝဝဝဝ ကုန်ကျတယ်လို့ ကျေးလက်မြေ ပရဟိတ အဖွဲ့က သိရပါတယ်။
နွေရာသီကာလ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ ရှိကျေးရွာတော်တော်များများမှာ နှစ်စဉ် သောက်သုံးရေရှားပါတဲ့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မင်းထီး











