
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပိုင်ထဲမှာ ပါဝင်တဲ့ သံတောင်ရဲစခန်းနဲ့ အေအေ (ရက္ခိုင့်တပ်မတော်) တို့ ဒီနေ့ မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ချင်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
“ကျနော်တို့ သံတောင်ရဲစခန်း တဖက်ကမ်းမှာရှိတဲ့ လေးမြို့မြစ်ဘက်ကနေ သေနတ်သံတွေ ကြားရတယ်။ အဲဒီဘက်ကနေ သေနတ်သံ သုံးလေးချက်လောက် ကြားတော့ ကျနော်တို့ဒီဘက် ရဲစခန်းကနေ သေနတ်နဲ့ပြန်ပစ်ကြတာပါ” လို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ကျော်က ပြောပါတယ်။
သတင်းဌာနတချို့ရဲ့ ဖော်ပြချက်မှာတော့ အေအေက သံတောင် ရဲစခန်းမှူး နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖော်ပြထားတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မဟုတ်မှန်ကြောင်း ရဲမှူးကြီးက ဆိုပါတယ်။
“ဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်းက မဟုတ်ပါဘူးဗျ။ ကျနော်တို့ကို မနက်က အဲဒီသတင်းနဲ့ ပက်သက်ပြီး လှမ်းမေးကြတာတွေရှိတယ်။ အပြန်အလှန်ပစ်ခတ်မှုပဲ ဖြစ်ခဲ့တာ”။
ဆက်လက်ပြီး ရဲမှူးကြီးက စတိုက်မယ်ဆိုတဲ့သတင်းတော့ ကြားထားတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သူကပြောပါတယ်။
အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ လေးမြို့ချောင်းဖျား သံတောင်စခန်းကို တိုက်ခိုက်တဲ့သတင်း အသေးစိတ် အချက်အလက်တွေ သူ့ဆီကို မရောက်ရှိသေးဘူးလို့ ပြောပါတယ်။











