DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း လေဘေးသင့်သူများအတွက် ထောက်ပံ့ငွေပေးအပ်
DVB
·
February 21, 2019
စစ်ကိုင်းတိုင်း လေဘေးသင့်သူများအတွက်  ထောက်ပံ့ငွေပေးအပ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတွေမှာ  ပြီးခဲ့တဲ့ သီတင်းပတ်က သဘာဝဘေး အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရသူတွေအတွက် လူကယ်ပြန်ဌာနကနေ  ကျပ်သိန်း ၅၀ နီးပါး ထောက်ပံ့ငွေတွေ ကူညီပေးအပ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဖေဖော်ဝါရီ ၁၆ရက်နဲ့ ၁၇ ရက်တွေမှာ အချိန်အခါမဟုတ် တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့ မိုးသီးကြွေကျ၊ မိုးကြိုးပစ်တာတွေ ကြောင့် လူသေဆုံးတာအပါအဝင် နေအိမ်အဆောက်အဦးတွေနဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့တာပါ။

ကူညီထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “သေဆုံးသူကိုတော့ ကျပ် သုံးသိန်းထောက်ပံ့ပေးထားတယ်။ ဒဏ်ရာရသူကိုတော့ ဆေးရုံ မတက်ရတဲ့အတွက် နှစ်သောင်းထောက်ပံ့ပေးခဲ့တယ်။ နေအိမ်တွေ ကတော့ ပျက်စီးမှုအပေါ် မူတည်ပြီး ထောက်ပံ့ခဲ့တာပေါ့။ စုစုပေါင်း ကျပ်သိန်း ၅၀ ဝန်းကျင်ရှိပါတယ်။ ဒါက ဒီနှစ် အတွင်းမှာတော့ ပထမဆုံးအကြိမ်ထောက်ပံ့ရတာဖြစ်ပါတယ်။ သီးနှံစိုက်ခင်းပျက်စီးတာတွေ ကတော့ စိုက်ပျိုးရေးက တာဝန်ယူတာပေါ့။”လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်တဲ့အတွက် ကောလင်းမြို့နယ်၊ ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်တွေမှာ နေအိမ် ၁၇၄ လုံး အမိုးလန်ပျက်စီးခဲ့ကာ ၉ လုံးမှာတော့ လုံးဝပြိုကျပျက်စီး ခဲ့သလို ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း အမိုးလန်ခဲ့ပြီး လူ ၁ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

မိုးသက်လေပြင်းကြောင့် ကနီမြို့နယ်မှာ ဘုရားစေတီအချို့ ထီးတော်မြေခတာ၊ စိန်ဖူးတော်မြေခခဲ့သလို မင်းကင်းမြို့နယ်မှာလည်း မိုးကြိုးပစ်လို့ လူ၁ ဦး သေဆုံးခဲ့တဲ့အပြင် အင်းတော်မြို့နယ်မှာ မီးတိုင်တွေကျိုးကျကာ ရွှေဘိုခရိုင်က ဘေးဒဏ်ထိခိုက်မှု အများဆုံးဖြစ်ခဲ့ပါ တယ်။

သီးနှံ စိုက်ခင်းတွေပျက်စီးမှုအခြေအနေနဲ့ပတ်သက်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာနကို လူကိုယ်တိုင်သွားရောက် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးနိုင်သူမရှိတာကြောင့် မသိခဲ့ရပါဘူး။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ ငွေကြေးထောက်ပံ့တာတွေအပြင် ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်းထောက်ပံ့ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း ထောက်ပံ့ပေးခဲ့ရတဲ့ အကြိမ်ရေ ရာချီရှိခဲ့ပြီး ကျပ်သိန်းပေါင်း ထောင်ချီထောက်ပံ့ခဲ့ရတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်အကြိမ်ရေ ၆၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၁၄၀၀ ကျော်သေဆုံးခဲ့ကာ ငွေကျပ် ၂၃၉ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာတွေ တိုးပွားဖို့ကိုရည်ရွယ်ပြီး ဘေးအန္တရာယ် တမျိုးကို အချိန် တလသတ်မှတ်ကာ လူသွားလူလာများတဲ့ နေရာတွေမှာ လမ်းဘေး ဆိုင်းဘုတ်တွေကိုလည်း တိုင်းအစိုးရက စိုက်ထူပေးနေပါတယ်။

ဘေးအန္တရာယ်ဖြစ်ပွားမှုတွေထဲမှာ စစ်ကိုင်းတိုင်းအနေနဲ့ မိုးကြိုးပစ်ဒဏ်ခံရမှုကလည်း အဖြစ်များလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013