DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းက စီးပွားရေးလုပ်ငန်းရှင်များကို ယှဉ်ပြိုင်မှုဥပဒေအကြောင်း ရှင်းလင်း
DVB
·
February 21, 2019
စစ်ကိုင်းတိုင်းက စီးပွားရေးလုပ်ငန်းရှင်များကို ယှဉ်ပြိုင်မှုဥပဒေအကြောင်း ရှင်းလင်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေအကြောင်းနဲ့  ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်က မုံရွာမြို့ ကုန်စည်ဒိုင်ခန်းမမှာ ရှင်းလင်း ဆွေးနွေးပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဥပဒေ၊ နည်းဥပဒေအကြောင်း လာရောက် ရှင်းလင်းတင်ပြခဲ့တာပါ။

အာဆီယံစီးပွားရေးအသိုက်အဝန်းရဲ့ ရည်ရွယ်ချက်အရ လွတ်လပ်ပြီးတရားမျှတတဲ့ ယှဉ်ပြိုင်မှုဒေသကြီးတရပ် ပေါ်ထွန်းလာစေရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်မှု၊ ဈေးကစားမှုတွေကြောင့် ပြည်သူတွေရဲ့ အကျိုးစီးပွားထိခိုက်မှုကို ကာကွယ်ပေးရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲခဲ့တာပါ။

လက်ရှိမှာ ဥပဒေနဲ့ပတ်သက်ပြီး အသက်ဝင်တာလည်း မကြာသေးတဲ့အပြင် လူသိနည်းနေ သေးတာ၊ စီးပွားရေးလုပ်ငန်းရှင်တွေသိထားဖို့ လိုအပ်တာတွေကြောင့် အခုလို ရှင်းလင်းပွဲ တွေကို လုပ်ရတာလို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်၊ တစုတဖွဲ့က လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ်၊ ဈေးကစားမှုကြောင့် အများပြည်သူတို့ရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာစေခြင်းမှကာကွယ်ရန်၊ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ်မှာ မျှတမှုမရှိတဲ့ ဈေးကွက် ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်စေရန်၊ ဈေးကွက်ထိန်းချုပ်နိုင်စွမ်း အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအကြား ကန့်သတ်ထားရှိတဲ့ သဘောတူညီချက် အစီအမံတွေကို ထိန်းချုပ်နိုင်ရန် စတဲ့ရည်ရွယ်ချက် ၄ ချက်နဲ့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာ”

ဥပဒေက ရည်ရွယ်ချက်ကောင်းပေမယ့် တချို့အချက်တွေကတော့ ပြန်လည်ဆွေးနွေးဖို့ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ တက်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

ဒီဥပဒေပါ အချက်တွေကို ကျူးလွန်ရင် ရဲအရေးပိုင်တဲ့အမှုအဖြစ် နီးစပ်ရာရဲစခန်း သို့မဟုတ် စားသုံးသူရေးရာဦးစီးဌာနတွေမှာ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေက လက်ရှိမှာ တိုင်တန်းမှု ၁၀ ဂဏန်းသာရှိသေးပြီး စိစစ်ပြီးသွားရင်တော့ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ စီးပွားကူးသန်းဌာန တာဝန်ရှိသူက ပြောပါတယ်။

ယှဉ်ပြိုင်မှုဥပဒေကို ကနေဒါနိုင်ငံက ၁၈၈၉ ခုနှစ်ကတည်းက အစောဆုံးစတင်ခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှမှာတော့ ထိုင်းနိုင်ငံက ၁၉၉၉ ခုနှစ်က အစောဆုံးစတင်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ယှဉ်ပြိုင်မှု ဥပဒေကို ၂၀၁၅ ခုနှစ်ကစတင်ကာ အတည်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်အသက်ဝင် အာဏာတည်ခဲ့ပါတယ်။

ယှဉ်ပြိုင်မှုဆိုင်ရာရှင်းလင်းပွဲတွေကို မကွေးတိုင်းမှာလည်း ပြုလုပ်ခဲ့ပြီး အခုလမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မတ်လမှာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်း၊ ဧပြီလမှာ မွန်၊ ကရင်ပြည်နယ်၊ မေလမှာ ချင်း၊ ကချင်ပြည်နယ်၊ ဇွန်လမှာ ရှမ်း၊ ကယားပြည်နယ်၊ ဇူလိုင်လမှာ တနင်္သာရီတိုင်း၊ သြဂုတ်လမှာ ရခိုင်ပြည်နယ်နဲ့  နေပြည်တော်မှာ ပြုလုပ်ဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013