DVB Logo
Home
မြန်မာသတင်း
အလွဲသုံးစားလုပ်ခဲ့ခြင်းမရှိဟု စည်ပင်ကိုယ်စားလှယ်လောင်း တုံ့ပြန်
DVB
·
February 21, 2019
အလွဲသုံးစားလုပ်ခဲ့ခြင်းမရှိဟု စည်ပင်ကိုယ်စားလှယ်လောင်း တုံ့ပြန်
Donate to DVB

ငွေယူပြီး လုပ်ငန်းပြီးအောင်မလုပ်ဘဲ ထွက်ပြေးသွားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဥပဒေအတိုင်း ပြန်လည်တုံ့ပြန်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စိုင်းလပ်သင်းက ပြောပါတယ်။

ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်တဲ့ South Asia Green Field ကုမ္ပဏီ တည်ထောင်သူ စိုင်းလပ်သင်းနဲ့ ပတ်သက်ပြီး ဦးသန်းလွင်ထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ  Than Lwin Htun အကောင့်မှာ အိတ်ဖွင့်ပေးစာ ရေးတင်ခဲ့တာပါ။

ရန်ကုန်ရှိ သူ့ရဲ့နေအိမ် ပြုပြင်ပေးဖို့အတွက် ၂၀၁၈ အောက်တိုဘာလက စိုင်းလပ်သင်းကို လုပ်ငန်းအပ်ခဲ့ပေမယ့် ငွေယူသွားပြီး လုပ်ငန်းပြီးပြတ်အောင် လုပ်မပေးဘဲ ရှောင်ပြေးခဲ့တယ်လို့  အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိမ်ရှိ အမှတ်တရပစ္စည်းတချို့ပါ ပျောက်ဆုံးခဲ့ပြီး အိမ်သော့နဲ့ ဂရမ်မိတ္တူတွေပါ ပြန်မအပ်ဘူးလို့လည်း ရေးသားထားပါတယ်။

အခုလိုရေးသားချက်တွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ စွပ်စွဲခံထားရသူ စိုင်းလပ်သင်းက ပြောပါတယ်။

“အိမ်ပြုပြင်တာ အမှန်တကယ် ကုန်ကျစရိတ်က ကျနော်က ထပ်ရဖို့တောင်ရှိတယ်။ နောက်တချက်က ကျနော်က လွန်ခဲ့တဲ့ဆယ်နှစ်က ယာဉ်တိုက်မှုတခု ဖြစ်ထားတော့ ဆေးရုံတက်နေရတယ်။ အဲဒီအချိန်က ကိုသန်းလွင်ထွန်း ရန်ကုန်လာတာနဲ့ တိုက်ဆိုင်သွားလို့ မတွေ့လိုက်ရဘူး။ ပစ္စည်းတွေပျောက်တယ်ဆိုတာလည်း ကျနော့်ရဲ့ အလုပ်သမားတွေ ဘာလုပ်ခဲ့တယ်ဆိုတာ ကျနော်လည်း ခုထိကို မသိရသေးဘူး။  ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျနော့်ဥပဒေအဖွဲ့နဲ့ တိုင်ပင်နေတယ်။ တခုခုပြန်တုံ့ပြန်ဖို့။”

ဦးသန်းလွင်ထွန်းကတော့ ရန်ကုန်မြို့တော်စည်ပင်ကော်မတီမှာ ပါဝင်အရွေးခံမယ့်  စိုင်းလပ်သင်းဟာ ဒီတာဝန်နဲ့ မသင့်တော်ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖေဖော်ဝါရီ ၂၁ ရက် နေ့စွဲနဲ့ အောက်ပါအတိုင်း ရေးသားထားပါတယ်။

“ပုဂ္ဂိုလ်ရေးယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တယ်။ ဆောက်လုပ်ရေး ကန်ထရိုက်တာ တယောက် အနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်။ ဒီလိုလူမျိုးဟာ လူထုက ယုံကြည်စွာ ခန့်အပ်မယ့် အရွေးကောက်ခံရာထူးနဲ့ မတန်ဘူး။”

လာမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲမှာ စိုင်းလပ်သင်းဟာ မဲဆန္ဒနယ်မြေ ၃ ကနေ ကော်မတီဝင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒနယ် ၃ မှာ ကိုယ်စားလှယ် ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013