DVB Logo
Home
မြန်မာသတင်း
မှားယွင်းပစ်ခတ် သေဆုံးခဲ့သည့် လူငယ်အတွက် တပ်မတော်က လျော်ကြေးပေး
DVB
·
February 21, 2019
မှားယွင်းပစ်ခတ် သေဆုံးခဲ့သည့် လူငယ်အတွက် တပ်မတော်က လျော်ကြေးပေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲမှာ တပ်မတော်က မှားယွင်း ပစ်ခတ်မှုကြောင့်  တအာင်းပလောင် လူငယ် ၁ ဦး သေဆုံးသွားပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ည ၉ နာရီအချိန်က တားမိုညဲမြို့နယ်ခွဲ ဒေါင်နောအုပ်စု၊ အုမ္မလီး ကျေးရွာမှာ ရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကျီကုန်း-ကလေးဝ အခြေစိုက် စကခ (၁၀) လက်အောက်ခံ၊ ခမရ (၃၆၁) က လူငယ်တဦးကို ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

အဆိုပါလူငယ်ဟာ တပို့တွဲလပြည့်ညမှာ တအာင်းရိုးရာဓလေ့အရ ထင်းဖြူမီးရှို့ပွဲကို ဘုန်းကြီးကျောင်းမှာ သွားရောက်လည်ပတ်ခဲ့ပြီး နေအိမ်အပြန် တပ်မတော်နဲ့တွေ့ဆုံပြီး ရပ်ခိုင်းရာမှာ ထွက်ပြေးတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေါင်နောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမာခါးက ပြောပါတယ်။

“ပြောရမယ်ဆိုရင် သူတို့ရွာကို စစ်တပ်ရောက်တာလည်းမသိ၊ သူတို့အိမ်ပြန်လာတာ ရပ်ခိုင်းလို့ မရပ်တာတဲ့။ မရပ်တော့ ပစ်မိတာပေါ့။  အဲလိုပြောတာပဲ။ သူတို့ကိုယ်တိုင်ပြောတာ ပေါ့နော်။ သူတို့က ခမရ ၃၆၁ ကပါတဲ့။

သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် မိုင်းအိုက်ဆုတ်ဖြစ်ပြီး သူငယ်ချင်းနဲ့အတူ သွားလည်ခဲ့ပြီး နေအိမ်အပြန်လာ တပ်မတော်နဲ့တွေ့ပြီး ထွက်ပြေးရာမှ ပစ်သတ်ခံရတာဖြစ်ပါတယ်။

သူ့နဲ့တူ ပါလာတဲ့ သူငယ်ချင်းကိုတော့ သေနတ်ထိမှန်တာ မရှိဘူးလို့လည်း တအာင်း အမျိုးသမီးအဖွဲ့အစည်းရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် လွေးချီ့ဆငါးက ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၈ ရက်နေ့ညမှာဆိုရင် တော်တော်များများ တအာင်းဒေသမှာ တအာင်းရွာတိုင်းလိုလိုက ထင်းဖြူရှိုးပွဲ ဆိုတဲ့ပွဲရှိတယ်။ အဲဒီပွဲမှာ သူတို့လည်း  အဲဒီရွာမှာ ပွဲကျင်းပတယ်။ ပွဲကျင်းပတာက ဘုန်ကြီးကျောင်းမှာပေါ့နော်။ ဘုန်းကြီးကျောင်းက ရွာရဲ့အစွန်နား ဖြစ်နေတာပေါ့နော်။ သူတို့က သွားလည်တယ်။ သွားလည်ရင်းနဲအပြန်မှာ ဖြစ်ချင်တော့ စစ်ကြောင်းက ရွာထဲရောက်နေတာ။ သူတို့မသိဘူး။ မသိတော့ ပြန်လာတဲ့အချိန်မှာ ထိပ်တိုက်တွေ့လိုက်တာနေမှာပေါ့။ တွေ့တော့ လူငယ်ဆိုတော့ ကြောက်လန့်ပြီး ထွက်ပြေးတာဖြစ်မယ်။ အဲဒါနဲ့ ပစ်သတ်လိုက်တာ။ သေနတ်နဲ့ပစ်တော့ တယောက်တော့ လွတ်သွားတယ်။ သူ့သူငယ်ချင်း။”

မှားယွင်းပစ်ခတ်မိလို့ သေဆုံးသူအတွက် တပ်မတော်က နစ်နာကြေး သိန်း ၂၀ ထောက်ပံ့ခဲ့တယ်လို့လည်း အုပ်ချုပ်ရေးမှူး ဦးမာခါးက ပြောပါတယ်။

“အဲဒါ ကျနော်တို့ ရပ်ကျေးကနေလည်း တောင်းတာဘာညာတော့ မရှိဘူးခင်ဗျာ။ ဒါပေမယ့် သူတို့က တခါတည်း ပြောရမယ်ဆိုရင် ဈာပနအခမ်းအနားတွေအတွက်ပေါ့နော်။ မိသားစု ထောက်ပံ့ကြေး သိန်း ၂၀ ပေးပါတယ်ခင်ဗျ။ ဖြစ်တာက ၁၈ ရက်နေ့ညဖြစ်တယ်။ ထောက်ပံ့ကြေးပေးတာ ၁၉ ရက်နေ့ပေါ့။”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ၀င်းထွဋ်လင်း၊ တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုညွန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်လင်းထွန်းတို့ကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေပြီး စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို (၄) လသာ ရပ်ဆိုင်းထားကြောင်း ကြေညာထားခဲ့ပမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက နမ့်ခမ်းမြို့နယ် နမ့်စန့်ကျေးရွာမှာ တပ်မတော်နဲ့  တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ထိတွေ့မှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013