DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မြစိမ်းရောင်ကျေးရွာအဖြစ် ကျေးရွာ ၈၂ ရွာတိုးပြီး ထောက်ပံ့မည်
DVB
·
February 21, 2019
စစ်ကိုင်းတိုင်းတွင် မြစိမ်းရောင်ကျေးရွာအဖြစ် ကျေးရွာ ၈၂ ရွာတိုးပြီး ထောက်ပံ့မည်
Donate to DVB

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အရင်းမပျောက်ချေးငွေအဖြစ် မြစိမ်းရောင်စီမံကိန်းအတွက် ကျေးရွာ ၈၂ ရွာကိုရွေးချယ်ကာ ထပ်တိုးပြီး တရွာကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ ကျပ်သိန်းပေါင်း ၂၄၆၀၀ ကို ကူညီထောက်ပံ့ပေးသွားဖို့ လျာထား ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။

မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာအတွက် အနည်းဆုံး အိမ်ခြေ ၈၀ ရှိရမှာဖြစ်ပြီး ကော်မတီဝင်တွေရဲ့သဘောဆန္ဒနဲ့ အတိုးနှုန်း ငါးမူးကနေ တကျပ်ခွဲအတွင်းအဆင်ပြေသလို ငွေထုတ်ချေးနိုင်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက“ခန္တီးခရိုင်၊ နာဂဒေသမှာတော့ မအောင်မြင်တာတွေရှိတယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဆင်းရဲတဲ့ကျေးရွာမှန်ပေမယ့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ရွာမျိုး မရှိဘူး။ တောင်ပေါ် ဒေသလည်းဖြစ်တယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးမှာလည်း မကောင်းဘူး။ ဆိုလိုတာက ဝင်ငွေ အခွင့်အလမ်းကောင်းတာမရှိတဲ့အတွက် ချေးတဲ့ငွေ ပြန်မဆပ်နိုင်တာတွေ ရှိခဲ့တယ်”လို့ ပြောပါတယ်။

ခန္တီးမြို့နယ်မှာ ၂၄ ရွာ၊ လေရှီးမြို့နယ်မှာ ၂ ရွာ၊ နန်းယွန်းမြို့နယ်မှာ ၁၀ ရွာနဲ့ လဟယ်မြို့နယ်မှာ ၂ ရွာ စုစုပေါင်းကျေးရွာ ၃၈ ရွာမှာ မြစိမ်းရောင်စီမံကိန်း မအောင်မြင်တဲ့အတွက် ချေးငွေအရင်းပြန်ရရေး ဆက်လက်လုပ်ဆောင်ကာ အတိုးကိုလည်း ကျေးရွာကော်မတီတွေနဲ့ ဆက်လက်ညှိနှိုင်းကောက်ခံနေတယ်လို့ ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ချေးငွေပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ ကျေးရွာသားတွေဖြစ်ဖြစ်၊ ကော်မတီဝင်တွေဖြစ်ဖြစ် အရေးယူတရားစွဲဆို နိုင်အောင်လည်း တိုင်းရှေ့နေချုပ်ရုံးကို အကြံဉာဏ် တောင်းခံထားပြီးဖြစ်ကာ ဥပဒေနဲ့အညီ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ရွာပေါင်း ၆၀၀၀ကျော်ရှိပါတယ်။ အရင်းမပျောက်ချေးငွေတွေကို တနှစ်ပြီးတနှစ် ရွာတွေတိုးတိုးပြီးတော့ ကူညီပေးနိုင်အောင်ဆောင်ရွက်နေတာပါ။ ကျေးရွာ ကော်မတီတွေက အလျဉ်းသင့်သလို ငွေချေးတဲ့ကာလကို သတ်မှတ် ချေးကြပါတယ်။ ဌာနကိုတော့ တစ်နှစ်ကို တကြိမ်စာရင်းရှင်းရတယ်လို့ဆိုပါတယ်။

ရရှိလာတဲ့အတိုးတွေက ကျပ်သိန်း၁၀၀ကျော်ရင် ကျေးရွာလူထုရဲ့သဘောဆန္ဒအရ ၅၀ ရာခိုင်နှုန်းကို ကျေးလက်ဖွံ့ဖြိုးရေးတွေမှာ သုံးစွဲခွင့်ပြုထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က ရွာပေါင်း ၁၆၃ ရွာ၊ ယူနစ် ၁၄၄ ခုနဲ့စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျေးရွာပေါင်း ၉၈၀၊ ယူနစ်ပေါင်း ၈၈၃ ယူနစ်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013