DVB Logo
Home
မြန်မာသတင်း
အစည်းအဝေးဖိတ်ပြီး တက်ခွင့်မပြုတာဟာ စော်ကားတဲ့အပြုအမူဖြစ်ဟု ကြံ့ခိုင်ရေးပါတီပြော  
DVB
·
February 21, 2019
အစည်းအဝေးဖိတ်ပြီး တက်ခွင့်မပြုတာဟာ စော်ကားတဲ့အပြုအမူဖြစ်ဟု ကြံ့ခိုင်ရေးပါတီပြော  
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားပြီးမှ တက်ရောက်ခွင့်မပြုတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ဆောင်မှုဟာ ပါတီကိုခေါ်ပြီး စော်ကားတဲ့အပြုအမူဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော်အဆောက်အအုံမှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် နှစ်ဦးတက်ရောက်ပေးဖို့ ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက ဖိတ်ကြားခဲ့ပြီး အစည်းအဝေးတက်ဖို့ ပါတီကိုယ်စားလှယ်နှစ်ဦး ရောက်ရှိလာချိန်မှာတော့ ကော်မတီဝင်စာရင်းမပေးရသေးတဲ့အတွက် တက်ရောက်ခွင့် မပေးခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုဟာ ပါတီအချင်းချင်း လေးစားမှုမရှိဘဲ စော်ကားတဲ့ လုပ်ဆောင်မှုဖြစ်လို့ သီးသန့်သတင်းစာရှင်းလင်းပွဲလုပ်သွားဖို့ ရှိတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးဆိုပြီး ဖိတ်စာပို့တယ်။ ပို့တော့ ကျနော်တို့ဘက်က ကျောင်းကုန်းက ဦးသိန်းထွန်းနဲ့ မနန်းနီနီအေးတို့ကို သွားတက်ခိုင်းတယ်။ သွားတက်တဲ့  အခါကြတော့ အမည်စာရင်းမပေးလို့ မတက်ပါနဲ့တော့လို့ ပြန်လွှတ်တယ်။ ခေါ်ပြီးစော်ကားသလိုဖြစ်တာပေါ့လေ။ အစတည်းက မဖိတ်ချင်မဖိတ်နဲ့။ အမည်စာရင်းမပေးထားလို့ မဖိတ်ချင်မဖိတ်နဲ့ ပြဿနာမရှိဘူး။ အခုက အမည်စာရင်းပေးထားလို့ ဖိတ်တာမဟုတ်ဘူး။ ပါတီကို ဖိတ်တာလေ။ သွားတဲ့အခါကြတော့ အမည်စာရင်းပေးမထားလို့ ပြန်လွှတ်လိုက်တယ်။ ပေးမတက်ဘူး။ ဒီဖြစ်စဉ်က ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ပြောချင်တာက အခြေခံဥပဒေပြင်ရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်။ နိုင်ငံရေးပါတီအားလုံးနဲ့ဆိုင်တယ်။ ပြင်ဖို့လည်း သဘောတူပြီးသား။ ဒါပေမယ့် တဦးတယောက်တည်းပြင်လို့မရဘူး။ အားလုံးပါဝင်ဖို့လိုတယ်”

ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးဆောင်မယ့် ပူးပေါင်း ကော်မတီမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် နှစ်ဦးပါဝင်ခွင့်ပြုထားပြီး လက်ရှိအချိန်အထိတော့ ကော်မတီမှာ ပါဝင်ဖို့ရှိမရှိကို ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဆုံးဖြတ်ထားတာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။

အလားတူ ကိုယ်စားလှယ် ၈ ဦးအထိပါဝင်ခွင့် ပြုထားတဲ့ တပ်မတော်သားကိုယ်စားလှယ် တွေအနေနဲ့လည်း ကော်မတီမှာပါဝင်ဖို့ အမည်စာရင်းပေးသွင်းထားခြင်းမရှိသေးလို့ အဲဒီနေရာတွေအတွက် ချန်လှပ်ထားပြီး ဘယ်အချိန်မဆို ပါဝင်နိုင်ဖို့ ခွင့်ပြုပေးထားတယ်လို့ ကော်မတီဝင်တွေက ဆိုပါတယ်။

ါ့အပြင် ကော်မတီဝင် အပြောင်းလဲပြုလုပ်လိုပါက သက်ဆိုင်ရာပါတီတွေနဲ့ အစုအဖွဲ့တွေအနေနဲ့ ပြည်ထောင်စုလွှတ်တော် နာယကထံတင်ပြပြီး အပြောင်းအလဲပြုလုပ်နိုင်ဖို့ ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013