DVB Logo
Home
Lead Story
မီဒီယာဥပဒေသစ်က ဥခွံဟောင်းကို ထိုးဖောက်ထွက်နိုင်မလား
DVB
·
February 20, 2019
မီဒီယာဥပဒေသစ်က ဥခွံဟောင်းကို ထိုးဖောက်ထွက်နိုင်မလား
Donate to DVB

နိုင်ငံခြားအစိုးရတွေ၊ ရင်နှီးမြှုပ်နှံသူတွေဟာ သွေးနုသားနု ဒီမိုကရေစီနိုင်ငံတွေရဲ့ မီဒီယာဥပဒေကို စောင့်ကြည့် အကဲဖြတ်လေ့ရှိတယ်လို့ မိတ်ဆွေတယောက်က ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာဥပဒေကို ကြည့်ရင် အဲဒီနိုင်ငံရဲ့ လူ့အခွင့်အရေး အဆင့်အတန်းနဲ့ နိုင်ငံဖွံ့ဖြိုးမှုကို ခန့်မှန်းနိုင်တာကြောင့်လို့ ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖိုးစိန်လမ်း Green Hill ဟိုတယ်မှာ သတင်းမီဒီယာဥပဒေ ပြင်ဆင်ဖို့ အနယ်နယ်အရပ်ရပ်က သတင်းသမားတွေ အသင်းအဖွဲ့တွေ သတင်းမီဒီယာကောင်စီဝင်တွေ အပါအဝင် လူတရာလောက် တက်ရောက်လာတာ တွေ့ရပါတယ်။

ပထမပိုင်း လက်ဖက်ရည်သောက် နားပြီးချိန်မှာတော့ မီဒီယာကောင်စီဝင်နှစ်ယောက်က ဦးဆောင်ပြီး သတင်းမီဒီယာဥပဒေ ပြင်ဆင်ချက် မူကြမ်းတွေကို တချက်ချင်း စတင်ဆွေးနွေးကြပါတယ်။

သတင်းမီဒီယာကို အဓိပ္ပာယ် ဘယ်လိုသတ်မှတ်မလဲ။ သတင်းထောက်ကို ဘယ်လိုအဓိပ္ပာယ်သတ်မှတ်မလဲ။ သတင်းမီဒီယာဥပဒေရဲ့ ရည်ရွယ်ချက်ဟာ ဘာတွေလဲ။ သတင်းမီဒီယာသမားတွေရဲ့ ရပိုင်ခွင့်ဟာ ဘာတွေလဲ။ သတင်းမီဒီယာသမားတွေရဲ့ တာဝန်ဟာ ဘာတွေလဲ၊ သတင်းမီဒီယာလုပ်ငန်း ထူထောင်ခွင့်၊ သတင်းမီဒီယာ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းတာဝန်တွေဟာ ဘာတွေလဲ။ ရန်ပုံငွေနဲ့ ထောက်ပံ့ရေးကို ဘယ်လိုစည်းကမ်းတွေ ထားသင့်လဲ။ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို ဘယ်လိုပြဋ္ဌာန်းသင့်လဲ စသဖြင့် အပြန်အလှန် ဆွေးနွေးတင်ပြကြသလို အချို့အချက်များကို မှတ်တမ်းတင်ကာ ဥပဒေ ပြန်လည်ပြင်ဆင်ရေးမှာ စဉ်စားထည့်သွင်းသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးချက်တွေထဲက ကျေနာ် စိတ်ထဲ စွဲစွဲထင်ထင် မှတ်မိသလောက် တင်ပြရရင်

အစိုးရကိုယ်စားလှယ်တွေ ပါသင့် မပါသင့်

တက်ရောက်လာသူတယောက်က ‘သမ္မတ ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာကောင်စီမှာ ပါရင် အစိုးရက မီဒီယာကောင်စီကို လွှမ်းမိုးသွားမှာပေါ့’ လို့ ဆွေးနွေးပါတယ်။

အခြားတယောက်က ‘မီဒီယာကောင်စီဝင် နှစ်ဆယ်ကျော် သုံးဆယ်နီးပါးမှာ သမ္မတ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ် တယောက်စီ ပါဝင်ရုံနဲ့ အစိုးရက မီဒီယာကောင်စီကို လွှမ်းမိုးမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆုံးဖြတ်ချက်တွေကို အများသဘောတူမှုနဲ့ ဆုံးဖြတ်ကြတာမို့ပါ။  အဲဒီလို အစိုးရဘက်က ကိုယ်စားလှယ်တွေ ပါတော့ မီဒီယာကောင်စီကို ပိုမိုအားကောင်းစေတယ်၊ ဒီလိုကိုယ်စားလှယ်တွေ ပါဝင်လာတာဟာ သမ္မတနဲ့ လွှတ်တော်တို့ရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်’ လို့ ဆိုပါတယ်။

နောက်တယောက်က ‘အစိုးရကိုယ်စားလှယ်တွေက အဆုံးဖြတ်ပေးရမယ့် နေရာတွေမှာ ရောက်နေရင် ဘယ်လိုလုပ်မလဲ။ အထူးသဖြင့် သတင်းသမားတွေနဲ့ အစိုးရ ပွတ်တိုက်မိတဲ့အခါ ပြဿနာ မဖြစ်နိုင်ဘူးလားလို့ သူ့စိုးရိမ်စိတ်ကို တင်ပြပါတယ်။

အခြားတယောက်က သမ္မတနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အဆုံးအဖြတ်ပေးရမယ့် နေရာ မရောက်အောင် စည်းမျဉ်းဆွဲသင့်တယ်လို့ အကြံပြုပါတယ်။

နောက်တယောက်က အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သတင်းသမားအများစုက အဆုံးအဖြတ်ပေးသင့်တဲ့ နေရာမှာ ရှိသင့်တယ်လို့ ဆုံးဖြတ်လိုက်ရင်ကော ဘယ်လိုရှိမလဲ’ လို့ ဆွေးနွေးပါတယ်။

ပညာရှင်တွေ ပါသင့် မပါသင့်

တက်ရောက်လာသူတယောက်က ‘သတင်းသမားတွေမဟုတ်တဲ့ ပညာရှင်တွေဟာ မီဒီယာကောင်စီမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာ ရောက်နေရင် သဘာဝမကျဘူး ထင်ပါတယ်။ တကယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာမှာ သတင်းမီဒီယာသမား ကိုယ်စားလှယ်တွေပဲ ရှိသင့်တယ်’  လို့ တင်ပြပါတယ်။

အခြားတယောက်က ‘ပညာရှင်တွေ သတင်းမီဒီယာကောင်စီမှာ ပါဝင်တာဟာ မလိုအပ်ဘူး ထင်ပါတယ်။ ဥပဒေပညာရှင်ကလွဲလို့ပေါ့လို့ ထပြောပါတယ်။

နောက်တယောက်က ‘အချို့ပြဿနာတွေမှာ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ အများကြီး လိုအပ်တယ်။ ဥပမာ ဆေးပညာ၊ သိပ္ပံပညာ၊ စီးပွားရေးပြဿနာတွေကို နက်နက်ရှိုင်းရှိုင်း ဆုံးဖြတ်ရတဲ့ အခါတွေမှာပေါ့’

‘ဒီလိုဆို ပညာရှင်တွေကို ကောင်စီဝင်အဖြစ်မထားဘဲ လိုအပ်တဲ့အခါမှသာ ပညာရှင်တွေပါတဲ့ အဖွဲ့ငယ်ကလေးတွေ ဖွဲ့ပြီး ဆုံးဖြတ်ရင် မကောင်းဘူးလား' တဲ့။

ဥပဒေနဲ့ နည်းဥပဒေ ဘယ်ထဲမှာ ထည့်မှာလဲ

ဥပဒေပညာရှင်တယောက်က ‘အချို့အချက်တွေကို ဥပဒေထဲမှာထည့်ရင် ပြင်ရခက်တယ်။ ဒါပေမယ့် ပိုမိုထိရောက်တယ်။ နည်းဥပဒေမှာထားရင် ပြင်ရလွယ်တယ်။ ဒါပေမယ့် ဥပဒေထဲမှာ ရှိတာလောက် ထိရောက်မှုမရှိဘူး။

ဒါကြောင့် ဥပဒေမှာ ထည့်မှာလား၊ နည်းဥပဒေထဲမှာ ထည့်ရေးဆွဲမှာလားဆိုတာ စဉ်စားသင့်တယ်လို့ ဆိုပါတယ်။

အထွေထွေ

နည်းပညာပေါ်မှာ အခြေခံစဉ်းစားသူတယောက်က ‘သတင်းမီဒီယာကို အဓိပ္ပာယ် သတ်မှတ်ရာမှာ တာဝန်ခံမှုရှိသော အွန်လိုင်းမီဒီယာဆိုတဲ့ စကားရပ်အစား တာဝန်ခံမှုရှိသော ဒစ်ဂျစ်တယ်မီဒီယာလို့ ရေးသားသင့်တယ်' လို့ အကြံပြုပါတယ်။

လူ့အခွင့်အရေးကို ပိုမိုအာရုံစိုက်သူတယောက်က ‘သတင်းမီဒီယာလုပ်ငန်းတွေကို အစိုးရဆီမှာ မှတ်ပုံတင် နေရတာကိုက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်နေပါတယ်။ သတင်းမီဒီယာကောင်စီဟာ မိမိဘာသာ လွတ်လွတ်လပ်လပ် ရပ်တည်ရမယ်။ အဲဒါမှ သတင်းမီဒီယာလုပ်ငန်း လွတ်လပ်မယ်' လို့ ပြောပါတယ်။

သတင်းသမားတဦးကတော့ ‘သတင်းမီဒီယာကောင်စီဟာ သတင်းကျင့်ဝတ်ကိုသာ စောင့်ရှောက် ထိန်းကျောင်းသင့်တယ်' လို့ အကြံပြုပါတယ်။

ဒီဆွေးနွေးပွဲမှာ ထိုင်နားထောင်နေရင်း ကျနော့်စိတ်ထဲမှာတော့ ငါတို့နိုင်ငံဟာ အဆင့်တခုကိုတော့ တက်လှမ်းနေပြီလို့ ခံစားရပါတယ်။

ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာဥပဒေကို သတင်းမီဒီယာသမားတွေကိုယ်တိုင် ပါဝင်ဆွေးနွေးခွင့် ရနေလို့ပါပဲ။

ပထမဆုံး ရေးဆွဲခဲ့တဲ့ သတင်းမီဒီယာဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အဲဒီဥပဒေကို ရေးဆွဲခဲ့တဲ့ အစိုးရအောက်မှာသာ ရေးဆွဲခဲ့ရတာပါ။ တနည်းအားဖြင့် အာဏာရှင်ရဲ့ ဘုန်းတော်ရိပ်အောက်မှာ ရေးဆွဲခဲ့ရတာပါ။

မီဒီယာဥပဒေရဲ့ တန်ဖိုးနဲ့ အဆင့်အတန်းကို လူ့အခွင့်အရေး (ARTICLE 19) နဲ့ တိုင်းတာရတာမို့ ဖြစ်သင့်တဲ့ မီဒီယာဥပဒေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့ပါတယ်။

အခုအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အားကြိုးမာန်တက် လုံးပန်းနေချိန်လည်းဖြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကတိပေးထားတဲ့ အစိုးရလက်အောက်လည်း ဖြစ်နေချိန်မို့ အဆင့်အတန်းရှိတဲ့ သတင်းမီဒီယာဥပဒေ ပေါ်ပေါက်ဖို့ ယခင်ကထက် ပိုမိုလမ်းပွင့်နေပါပြီ။

သို့သော် ဥပဒေပြင်ဆင်ရေးအတွက် ကြိုးပမ်းသူတွေဟာ လက်ရှိအချိန်နဲ့ ကိုက်ညီတဲ့ အခွင့်အရေးကို အသုံးချပြီး ဥခွံဟောင်းထဲက ဘယ်လို သိမ်သိမ်မွေ့မွေ့ ဖောက်ထွက်လာမလဲ ဆိုတာ လည်ပင်းတရှည်ရှည်နဲ့ စောင့်မျှော်နေရမှာပါ။

သတင်းမီဒီယာဥပဒေ အဆင့်အတန်းမြင့်လေလေ နိုင်ငံတကာရဲ့ လေးစားမှု၊ ယုံကြည်မှု မြင့်တက်လေလေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလည်း မြန်လေလေ ဖြစ်မယ်လို့ တွေးနေမိပါတယ်။

ကျေန်ာတို့ အတွေးအခေါ်အားလုံး ဥခွံဟောင်းက ထိုးဖောက်ထွက်ဖို့ အချိန်တန်ပါပြီ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013