DVB Logo
Home
မြန်မာသတင်း
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူ ၅ ရပ်နှင့်အညီ ဆောင်ရွက်စေလို
DVB
·
February 19, 2019
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူ ၅ ရပ်နှင့်အညီ ဆောင်ရွက်စေလို
Donate to DVB

တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ ဆောင်ရွက်သွားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော်မှာကျင်းပတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင် အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်နဲ့ အညီ ဆောင်ရွက်သွားရန် လိုအပ်ချက်ကို အလေးပေးပြောကြား လိုတယ်၊  စီမံကိန်းတွေကို ဆောင်ရွက်ရာမှာ ပြည်သူတွေအတွက် ရေတိုအကျိုး ဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့် အမျိုးမျိုးက လေ့လာစိစစ်ဆောင်ရွက် သွားဖို့လိတယ်၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းအောက်မှာ ဆောင်ရွက်မယ့် စီမံကိန်းတွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသား စီမံကိန်းတွေ၊ မူဝါဒတွေ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်လျောညီထွေမှုရှိဖို့လိုအပ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တရုတ်နိုင်ငံက ဦးဆောင် အကောင်အထည် ဖော်မယ့်  ဒီစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ (၆၀) ကျော် ပါဝင်ပတ်သက်နေပြီး  အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ့် ကျယ်ပြန့်တဲ့ အစီအစဉ် တခုဖြစ်တယ်၊ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းမှာ မဟာဗျူဟာကျတဲ့ နေရာမှာတည်ရှိနေ တဲ့အတွက် ပါဝင်ဆောင်ရွက်သွားဖို့ရှိတယ်၊ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မြန်မာ နိုင်ငံအတွက်သာမက ဒေသအတွက်ကိုပါ အကျိုးဖြစ်ထွန်းစေမယ့် အခွင့်အလမ်းတွေ ပေါ်ပေါက်လာစေနိုင်တယ်၊ ဒါပေမယ့် စီမံကိန်းတွေကို ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက်အကျိုး စီးပွားအတွက် မျှမျှတတဖြစ်အောင် မဟာဗျူဟာနဲ့  နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက် သွားဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဦးဆောင်ကော်မတီ ဒုဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ဦးစွာလေ့လာပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ်လိုအပ်တဲ့ ပြည်သူ လူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းတွေကို  မှန်ကန်စွာ ရွေးချယ် သွားကြဖို့ တိုက်တွန်းပါတယ်။

အထူးသဖြင့် စီမံကိန်းလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာမှာ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ဖို့  သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအကြား ပိုမို ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ဖို့  အရေးကြီးတယ်လို့လည်း ဒုသမ္မတက အစည်းအဝေးမှာ ပြောသွားပါတယ်။

အစည်းအဝေးကို ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့  ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ် တိုင်းဝန်ကြီးချုပ်တွေနဲ့  တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံး သတင်းမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကတော့ တနိုင်ငံရဲ့ နယ်မြေတည်တံ့မှုနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တနိုင်ငံက လေးစားရန်၊ တနိုင်ငံနှင့်တနိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တနိုင်ငံနှင့် တနိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက် ဖက်ခြင်း မပြုလုပ်ရန်၊ တနိုင်ငံနှင့်တနိုင်ငံ တန်းတူရည်တူရှိရန်နဲ့ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းရန်နဲ့ နောင်ဆုံး တချက်ကတော့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်တို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်  ၁၉၅၄ ခုနှစ်က တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းရဲ့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ အကြား သဘောတူ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013