
အိန္ဒိယနိုင်ငံ၊ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ လူအများအပြား သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မြန်မာနိုင်ငံအနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးကြရသူတွေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေ၊ အိန္ဒိယအစိုးရနဲ့ ပြည်သူလူထုကို ဒီဖြစ်ရပ်အတွက် လွန်စွာ ဝမ်းနည်းကြေကွဲရတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု မှန်သမျှကို မည်သည့်ပုံစံမျိုးနဲ့ ကျူးလွန်သည်ဖြစ်စေ အစဉ်တစိုက်ရှုတ်ချနေပြီး ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ကို တိုက်ဖျက်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံတကာအသိုက်အဝန်းနဲ့ အတူတကွ ရပ်တည်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က အိန္ဒိယနိုင်ငံ၊ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသ၊ Pulwama ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူပေါင်း ၄၀ လောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
ကတ်ရှမီးယားဒေသမှာ ဒီကနေ့လည်း လက်နက်ကိုင်သူပုန်တွေနဲ့ ပတ်ခတ်တိုက်ခိုက် မှုဖြစ်ပွားပြီး အိန္ဒိယ စစ်သည် ၄ ဦးနဲ့ အရပ်သား ၁ဦး သေဆုံးသွားပါတယ်။
ဓာတ်ပုံ-India Today











