DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စည်ပင်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း  ၂၇၄ ဦး အတည်ပြု၊ ၃ဦး အပယ်ခံရ
DVB
·
February 18, 2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း  ၂၇၄ ဦး အတည်ပြု၊ ၃ဦး အပယ်ခံရ
Donate to DVB

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၂၇၄ ဦးကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလိုက်ပြီး ၃ ဦးကတော့ အပယ်ခံလိုက်ရပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းသူ ၂၇၇ ဦးအနက် ရွေးကောက်ပွဲဝင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ  ထုတ်ပြန်လိုက်တာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က “၂၇၄ ဦးကို အတည်ပြုလိုက်ပါတယ်။ ၃ ဦးကို ပယ်ပါတယ်။ ၃ ဦးထဲမှာ အမျိုးသမီးမပါဘူး” လို့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ၂၇၄ ဦးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ် ၉၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၂၃ ဦးပါဝင်ပြီး တသီး ပုဂ္ဂလ ကိုယ်စားလှယ် ၁၆၀ ဦး ပါဝင်ပါတယ်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်ကတော့ အနိုင်ရရင် ရေပေးဝေရေးစနစ်ကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်မှာဖြစ်သလို လမ်းတွေကို စနစ်တကျဖောက်လုပ်တာ၊ ရေဆိုးစနစ်တွေ စနစ်တကျစွန့်ပစ်တာတွေကို စတင်မယ်လို့ ပြောပါတယ်။

ရန်ကုန်စည်ပင်အနေနဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းသိသာတဲ့ ပြောင်းလဲမှုတွေ မမြင်ရသလို လက်ရှိအစိုးရသစ်လက်ထက်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ဆောင်ရွက်မှုတွေအားလုံးဟာ လုံးဝအားရကျေနပ်စရာမရှိဘဲ ယန္တရားတခုလုံး အရမ်းကို တုံ့နှေးနေတယ်လို့ လည်းဆိုပါတယ်။

ရန်ကုန်မြို့နဲ့မန္တလေးမြို့တော်က စည်ပင်သာယာရေးကော်မတီကို နှိုင်းယှဉ်တဲ့အခါ မန္တလေးမြို့တော်စည်ပင်ရဲ့ဆောင်ရွက်မှုတွေကို ပြည်သူတွေက လိုက်ပါကူညီနေပြီး အောင်မြင်မှုတွေရှိတာဟာ မန္တလေးတိုင်းအစိုးရက စည်ပင်ရွေးကောက်ပွဲကို စောစောကျင်းပ ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ စည်ပင်ဥပဒေကို ပြင်ဆင်နေတဲ့အပေါ် ကြန့်ကြာခဲ့တဲ့အပြင် အစိုးရသက်တမ်း သုံးနှစ်လောက်အထိ အစိုးရခန့်ကော်မတီတွေနဲ့ စီမံဆောင်ရွက် နေတဲ့အပေါ် စီမံခန့်ခွဲမှုအားနည်းတာလို့ ဦးမျိုးမြင့်က ပြောပါတယ်။

“ရန်ကုန်မြို့ကို ဒီ၃နှစ်တာကာလမှာ ထင်ထင်ရှားရှားဘာမြင်ရသလဲလို့ စည်ပင်သာယာ ရဲ့ ဆောင်ရွက်ချက်။ ယာဉ်ကြောကြပ်တည်းမှုတွေ ကောင်းသွားလား။ ပြေလျော့သွား သလားနော်။ နောက်တခါကြရင် ကျနော်တို့လမ်းတွေ ကောင်းသွားလား။ ရေစီးရေလာတွေ ကောင်းသွားလား။ ရေရရှိရေး တိုးတက်လာသလား။ ပါမစ်တွေ မြန်ဆန်လာလား။ ကြည့်လိုက် ဘယ်တခုမှ သိသိသာသာ သုံးနှစ်ဆိုတဲ့အချိန်ကာလက တိုတယ်ဆိုပေမယ့် ကာလတစ်ခုအရ အစိုးရသက်တမ်းတ၀က်ကျော်ရှိပါတယ်။ပြောင်းလဲမှုကိုကျနော် မမြင်ရဘူး”

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့ ကျင်းပမှာဖြစ်ပြီး စည်ပင်ရွေးကောက်ပွဲမှာ မြို့ကော်မတီဝင်အဆင့် ၆ နေရာမှာ ကိုယ်စားလှယ်လောင်း ၂၇ ဦး၊ မြို့နယ်ဥက္ကဋ္ဌ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၀၀၊ မြို့နယ်အဖွဲ့ဝင် ၁ နေရာ အတွက် ကိုယ်စားလှယ်လောင်း ၇၅ဦးနဲ့ အဖွဲ့ဝင် ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၇၂ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သတင်း- အာကာ၊ စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013