
မသန်စွမ်းအမျိုးအစားလိုက် ဥပဒေ၊ နည်းဥပဒေနဲ့အညီ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရေး လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မသန်စွမ်းတွေ အားလုံးအတွက် ငွေကြေးထောက်ပံ့ ပေးတာအပြင် သွားလာနေထိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ ပညာသင်ကြားခွင့် စတာတွေနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဗျုဟာကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာခန်းမမှာ ကျင်းပတဲ့ မသန်စွမ်းတွေ၊ မိခင်ဝိုင်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးအပ်ပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက မသန်စွမ်းသူ ၁၁၆၉၀ ဦးအတွက် တဦးကို ၃ သောင်းကျပ်နှုန်းနဲ့ ငွေကျပ်သိန်းပေါင်း ၃၅၀၇ သိန်း၊ ဘုတလင်မြို့နယ်မှာ ဖွင့်လှစ်မယ့် မိခင်ဝိုင်း ၅ ဝိုင်းအတွက် ထောက်ပံ့ငွေ ၃၅၂၈၁၀၀ ကျပ်၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း ၈၈ ကျောင်းအတွက် ၅၉၆ သိန်းကျပ်၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အမျိုးသမီးဂေဟာ၊ ဘိုးဘွားရိပ်သာ စုစုပေါင်း ၂၀ ခုအတွက် ၁၁၉၃ သိန်းကျပ် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သိန်း ၅၅၀၀ သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့တာပါ။
ဒါ့အပြင် မိခင်ဝိုင်းတွေက ကလေးငယ်တွေကိုလည်း လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါသေးတယ်။











