DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးတပ် မုဒိမ်းကျင့်ခဲ့ကြောင်း သက်သေပြနိုင်ပါက အရေးယူမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
February 17, 2019
လုံခြုံရေးတပ် မုဒိမ်းကျင့်ခဲ့ကြောင်း သက်သေပြနိုင်ပါက အရေးယူမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီတွေကို မုဒိမ်းကျင့်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ သက်သေအထောက်အထားပြဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်း ရန်ကုန်ဌာနအကြီးအကဲနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။

ရန်ကုန်ဌာနခွဲ အကြီးအကဲ Mr.Ryuta SOMETAYA က ကော့ဘဇားမှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေဟာ မုဒိမ်းကျင့်ခံရတယ်၊ အသတ်ခံရတယ်ဆိုပြီး ပြောနေတဲ့ သက်သေခံ အထောက်အထားတွေက အတုဖြစ်နေပါသလားလို့ မေးမြန်းခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့မြန်မာရဲ့ ယဉ်ကျေးမှု အရ၊ ဗုဒ္ဓဘာသာရဲ့ ထုံးတမ်းစဉ်လာအရ ခင်ဗျားတို့လည်း ဘာပဲပြောပြောအရှေ့ ဒီ ဗုဒ္ဓဘာသာ နီးစပ်တဲ့ အယူဝါဒရှိတဲ့သူတွေ အတူတူပါပဲ၊ လက်မခံပါဘူး။ မုဒိမ်းမှု၊ အဓမ္မမှုကို လက်မခံပါဘူး။ တော်တော်ကြီးကို ဆိုးဝါးတယ် ဆိုပြီးတော့ လူ့ရဲ့ယဉ်ကျေးမှုအရ အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်ချက်လို့ သတ်မှတ်ထားတယ်။ လက်ကိုမခံပါဘူး။ မုဒိမ်းမှုနဲ့ပတ်သက်တာကို အဲဒီမှာလည်း လုံခြုံရေးအဖွဲ့တွေက လုပ်တယ်ဆိုပြီးတော့ စွပ်စွဲတယ်။ လုံခြုံရေးအဖွဲ့တွေက ဆိုးသွမ်းမိုက်မဲတဲ့ လူမှ မဟုတ်တာဘဲ။ ကျနော်တို့စည်းနဲ့ ကမ်းနဲ့နေရတာ။ စည်းနဲ့ကမ်းနဲ့ နေရတာ ပိုတောင်မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ဆွမ်းဆန်ထဲကြွက်ချေးရောဆိုတဲ့ ဥပမာလိုပဲ၊ တချို့ဟာတွေတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တယောက်နှစ်ယောက်စတော့ဖြစ်နိုင်ပါတယ်။ လုံးဝ absolute ကျနော် မပြောဘူး။ တချို့ဟာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ ရိုက်တာနှက်တာတွေ ဖြစ်နိုင်တယ်။ လုယက်တာတွေ ဖြစ်နိုင်တယ်။ အဓမ္မမှုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ သို့သော် သက်သေပြန်ပြ၊ ကျနော်တို့ကို အထောက်အထားနဲ့ပြ။ ကျနော်တို့အရေးယူမယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်နေသူတွေရဲ့ ထွက်ဆိုချက်ဟာ သင်ပေးထားသလို ဖြစ်နေပြီး အကြောင်း လုံးဝခိုင်မာမှုမရှိဘူး ဆိုတာတွေ့ရတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် သူတို့ထွက်ဆိုချက်ဟာ ဘယ်လိုမှ ခိုင်လုံမှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။

သူတို့ ပြန်လာရေးအတွက်လည်း ကိုယ်တိုင်ပြန်လာဖို့ ဆန္ဒရှိသူတွေကို လက်ခံဖို့ အဆင်သင့်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နေလာခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတခုပြနိုင်တယ် ဆိုလို့ ရှိရင် ကျနော်တို့ လက်ခံမယ်လို့ ပြောထားတာရှိတယ်။ သို့သော်လည်းပဲ သူတို့ကိုယ်တိုင် ဆန္ဒရှိတဲ့သူ ဖြစ်ရမယ်။ ပြစ်မှုကျူးလွန်တဲ့သူဆို ကျနော်တို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ ပြောတာသဘောတူညီချက် အသေးစိတ်တော့ အများကြီး ရှိပါတယ်ဗျာ။ သို့သော်လည်းပဲ သူတို့ကိုလက်မခံဘူး စကားတခွန်းမှ မပြောဘူး။ အခုလည်း လက်ခံနေတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ လောက်ကတည်းက အဆင်သင့်ဖြစ်ပြီလို့ ကျနော်တို့ ပြောထားတယ်။ ကျနော် Date တော့ မမှတ်မိဘူး။ ဇန်နဝါရီ ၂၃ လား၊ ဖေဖော်ဝါရီ ၂၃ လားမသိဘူး။ အဲဒီမှာ ကျနော်တို့ တိုင်းပြည်က အဆင်သင့် ဖြစ်ပြီလို့ပြောခဲ့တယ်။ လာပါလို့လည်းပြောတယ်။ အဲဒီမှာ ကျနော်တို့အဆင်သင့်မဖြစ်ဘူးဆိုပြီးတော့ သူတို့အကြောင်း အမျိုးမျိုးပြတယ်။ ဘာမှလည်းမလာဘူး။ မလာဘဲနဲ့ လျှောက်ပြောတာ။ လာမယ်လုပ်ပြီးတော့ လာမယ့် အစီအစဉ်ပျက်သွားတာပေါ့။ ဒီလိုလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် ကျနော်တို့ လက်မခံဘူးဆိုတဲ့ စကား အရင်လည်းမပြောခဲ့ဘူး။ အခုလည်းမပြောဘူး။ စည်းနဲ့ကမ်းနဲ့ လာခဲ့ ကျနော်တို့ စနစ်တကျ စိစစ်ပြီး လက်ခံပေးမယ်လို့ ကျနော်တို့ပြောခဲ့တယ်။ ပြန်လည်နေရာချထားရေးအတွက်လည်း ကျနော်တို့အကုန်လုံးပြင်ထားတာရှိတယ်။ သူတို့လုံခြုံရေးအတွက်လည်း ကျနော်တို့သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိတဲ့သူတွေလည်း အကုန်လုံး စီစဉ်ပေးထားတယ်ဆိုတာ ပြောလိုပါတယ်” လို့ ဆိုပါတယ်။

အင်းဒင်ရွာကိစ္စမျိုးဆိုတာက တကယ်လည်းဖြစ်ခဲ့ပြီး တခြားနေရာမှာ မဖြစ်ဘူးလား၊ ဖြစ်လားဆိုတာကို သက်သေအထောက်အထား ဘာတခုမှမရှိဘူးလို့ ဆိုပါတယ်။

အစုလိုက်အပြုံလိုက် မသတ်ခဲ့ဘူးလား မေးရင်တော့ လုံခြုံရေးစခန်းတွေလာပြီး နှောင့်ယှက် တိုက်ခိုက်တဲ့အချိန်၊ ပြည်သူလူထုကိုလာပြီး နှောင့်ယှက်တိုက်ခိုက်ချိန်မှာတော့ ခုခံပစ်ခတ်ရင်း သေတာတွေရှိတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013