DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၇ မြို့နယ်တွင် ၀က်သက်ကာကွယ်ဆေး စတင်ထိုးပေး
DVB
·
February 17, 2019
ရန်ကုန်တိုင်း ၇ မြို့နယ်တွင် ၀က်သက်ကာကွယ်ဆေး စတင်ထိုးပေး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဝက်သက်ရောဂါကူးစက်ပျံ့နှံ့နေတဲ့ မြို့နယ် ၇ မြို့နယ်မှာ ဝက်သက်ကာကွယ်ဆေးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ စပြီး ၂၈ ရက်နေ့အထိ ထိုးပေးနေတာဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကိုတော့ အသက် ၉ လကနေ ၁၅ နှစ်အောက်ရှိတဲ့ ကလေးအားလုံးကို ထိုးပေးနေတာဖြစ်ပါတယ်။

ဝက်သက်ရောဂါကာကွယ်ဆေးကိုတော့ ရောဂါကူးစက်ပျံ့နှံနေတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) နဲ့ဒဂုံဆိပ်ကမ်းမြို့နယ်တွေက ကလေးဦးရေ ၆ သိန်းကျော်ကို အခမဲ့ထိုးပေးနေတာပါ။

ဝက်သက်ကာကွယ်ဆေး ထိုးနှံဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ Gavi တို့က ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၆ သိန်း ၆ သောင်းကျော် သုံးစွဲထားတာပါ။

ဝက်သက်ရောဂါဟာ အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်ပြီး အလွန်ကူးစက် မြန်တဲ့ရောဂါ ဖြစ်ပါတယ်။ ဝက်သက်ရောဂါ ခံစားနေရတဲ့လူဦးရေ ၁၀၀ မှာ ၃၀ ဟာ နောက်ဆက်တွဲ အနေနဲ့ ပြင်းထန်အဆုတ်ရောဂါ၊ ဝမ်းလျှောပြီး ရေဓာတ်ဆုံးရှုံးတာတွေနဲ့ နားအလယ်ခန်း ရောင်တာတွေဖြစ်တတ်ပြီး နောက်ဆုံးမှာ သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

ဝက်သက်ရောဂါကို ကာကွယ်ဆေးထိုးတာ တမျိုးတည်းကသာ ကာကွယ်နိုင်တဲ့အတွက် မိဘတွေအနေနဲ့ မိမိတို့ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ဒုညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးကို ဂရုတစိုက်နဲ့ ကာကွယ်ဆေး လာထိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။

“ပုံမှန်ကာကွယ်ဆေးထိုးတာမှာ အားနည်းခဲ့လို့ပေါ့။ မှန်းထားတာက ၉၅ ရာခိုင်နှုန်း ထိုးဖြစ်ဖို့။ ထိုးဖြစ်တာက ၈၅ ရာခိုင်နှုန်းပဲ ရှိတယ်။ မထိုးဖြစ်တဲ့ ကလေးတွေကလည်း များလာတယ် ဆိုတော့ လူဦးရေများတဲ့ နေရာတွေမှာ ပြဿနာပေါ်တာပေါ့။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ဂရုတစိုက်နဲ့ ဆေးလာထိုးစေချင်ပါတယ်။”

ရောဂါဖြစ်သူရဲ့ အနားမှာနေပြီး ကာကွယ်ဆေးထိုးမထားသူ ၁၀ ယောက်မှာ ၉ ယောက်အထိ ကူးစက်နိုင်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တနိုင်ငံလုံးမှာ ဝက်သက်ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးက ၅၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ဖြစ်ပါတယ်။

ဝက်သက်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာပြုလုပ်ခဲ့ပြီး အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013