
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ အမှတ် ၂ ရပ်ကွက်မှာ ဇွန် ၂၃ ရက် မနက် ၁၁ နာရီခွဲက လူတစုက လင်မယား ၂ ယောက်ကို ရိုက်နှက်ပြီး ကားနဲ့ ဆိုင်ကယ်တွေကို မီးရှို့သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဝေဘာဂီမြို့သစ်၊ အမှတ် ၂ ရပ်ကွက်၊ နဝရတ်လမ်းနဲ့ ပတ္တမြားလမ်းထောင့်မှာရှိတဲ့ နေအိမ်ကို မနေ့ မနက် ၁၁ နာရီခွဲက လူအုပ်စုလိုက် ရောက်လာပြီး အိမ်ရှင်လင်မယားကို ရိုက်နှက်ကာ ကားနဲ့ ဆိုင်ကယ်ကို မီးရှို့သွားတယ်လို့ အဆိုပါလမ်းမှာ နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။
“လူက ၇ ယောက် ၈ ယောက်လောက် ရှိတယ်။ အိမ်ကို ခဲတွေထု၊ အိမ်ရှင်လင်မယားကိုလည်း ရိုက်နှက်၊ ကားနဲ့ ဆိုင်ကယ်ကိုလည်း မီးရှို့သွားတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိပေမဲ့ ရပ်ကွက်ကလူတွေ အတော်လန့်သွားတယ်။ တရားဥပဒေစိုးမိုးမှု မရှိတော့ ဖြစ်ချင်တိုင်းဖြစ်နေတာ။”
အခင်းဖြစ်ပွားရာနေအိမ်မှာ နဝရတ်လမ်းနဲ့ ပတ္တမြားလမ်းထောင့်ရှိ ဒေါ်အေးအေးဝင်း နေအိမ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရန်ငြိုးကြောင့်လား၊ မိသားစုပြဿနာလားဆိုတာ မသိရပေမဲ့ အခုလို အုပ်စုဖွဲ့ ရိုက်နှက် မီးရှို့တာနဲ့ ပတ်သက်ပြီး ရပ်ကွက်ပြည်သူတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို စစ်အုပ်စုလက်အောက်ခံ ရဲတွေက ဖမ်းမမိသေးပေမဲ့ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းက အမှုဖွင့်ပေးထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက် နေ့လယ် ၁ နာရီခွဲကလည်း မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပရိဘောဂဆိုင်တဆိုင်ကို လူတစု ဝင်ရောက်ပြီး ဆိုင်ရှိ ပစ္စည်းတွေ ထုရိုက် ဖျက်ဆီးသွားပါတယ်။










