
မကွေးတိုင်း၊ မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမြေမှာ အနယ်နယ်အရပ်ရပ်က လာရောက်ရေနံတူး စီးပွားရှာနေတဲ့ သူတွေရဲ့ သားသမီးကလေးတွေ အနာဂတ်လှပဖို့ ရည်ရွယ်ပြီး မြကင်းတောင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးကို ၂၀၁၃ ခုနှစ်သြဂုတ်လက စတင်ဖွင့်လှစ်ခဲ့တာပါ။
KG တန်းမှ ဆဌမတန်းထိ ကျောင်းသားဦးရေ ၆၀ ကို ဆရာ/ဆရာမ ၅ ယောက်နဲ့ သင်ကြားနေတာ ၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ တတိယတန်းကနေ ဆဌမတန်းထိ ကျောင်းသားတွေက လမ်းဆိုးရွားပြီး ၆ မိုင်လောက်ဝေးတဲ့ ကညင်းကြီးရွာ အလယ်တန်းကျောင်းကို တစ်နှစ် ၄ ကြိမ် သွားရောက်စာမေးပွဲ ဖြေဆိုနေရလို့ ကလေးတွေ အန္တရာယ်ဖြစ်မှာကို ကျောင်းသားမိဘတွေ အမြဲစိတ်ပူနေရပါတယ်။
လစဉ်တိုင်း ကျောင်းအကျိုးဆောင် ပရဟိတ အဖွဲ့တွေက လိုက်လံအလှူခံပြီး ဆရာ/ ဆရာမ ကျောင်းလခနဲ့ ကျောင်းသုံးပစ္စည်းတွေ ဝယ်ယူထောက်ပံ့ရတာမို့ မလောက်ငဘဲ ကျောင်းကလည်း ပျက်စီးယိုယွင်းနေလို့ ပြုပြင်ဖို့ လိုအပ်နေပါတယ်။
“စာမေးပွဲဖြေတဲ့အခါ အခက်အခဲရှိပါတယ်။ ၆ မိုင်လောက် စာမေးပွဲဖြေဖို့ ပရဟိတ ကားအကူအညီနဲ့ သွားရတယ်။ တိုင်းအစိုးရအဖွဲ့က ဒါတွေကို သိစေချင်ပြီး အစိုးရ ကျောင်းလေးဖြစ်ဖို့ အဘက်ဘက်က ဝိုင်းဝန်းစေချင်တယ်” လို့ ကျောင်းအကျိုးဆောင်အဖွဲ့ မခင်မာ က ပြောပါတယ်။
“ပညာရေးဝန်ကြီး KG ကျောင်းဆောင်လေး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတုန်းက ကျောင်းအခက်အခဲတွေ တင်ပြခဲ့ပေမယ့် ဘာမှအကူအညီ ထောက်ပံ့မှုမှ မရပါဘူး။ အစိုးရ အသိအမှတ်ပြုကျောင်းလေး ချပေးစေချင်တယ်” လို့ ကျောင်းအကျိုးဆောင် ဦးညီညီက ဆိုပါတယ်။
“ဒီကျောင်းမှာ စာမေးပွဲဖြေ၊ ပြည့်ပြည့်စုံစုံလေးဖြစ်သွားရင် မိဘတစ်ယောက်အနေနဲ့ စိတ်အေးချမ်းတာပေါ့” လို့ ကျောင်းသားမိဘ ဦးလှခိုင်က ပြောပါတယ်။
“နေ့စဉ်ကျောင်းသားဦးရေ ၅၅ ဦးမှ ၁၀၀ ထိရှိရင် မခွဲအနေနဲ့ လျှောက်ထားနိုင်တယ်။ အစိုးရအဖွဲ့တွေရဲ့သဘောထားမှတ်ချက်တွေနဲ့ တိတိကျကျ တင်ပြနိုင်ရင် ရဖို့နီးစပ်တယ်” လို့ ဦးမြင့်အောင် (တာဝန်ခံ သရက်ခရိုင်ပညာရေးမှူး) က ဒီဗွီဘီကို ရှင်းပြပါတယ်။
ယခင်ကလည်း လျှောက်ထားခဲ့ပြီး အခု ၂၀၁၈ ခုနှစ် စက်တင်ဘာလက စာရွက်စာတမ်း ထောက်ခံချက်အပြည့်အစုံနဲ့ အစိုးရ အသိအမှတ်ပြု တရားဝင်မူလတန်းကျောင်းဖြစ်မြောက်ရေး ထပ်မံလျှောက်ထားပြီးပေမယ့် ကြန့်ကြာနေလို့ ရေရှည်ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေတာပါ။
ပေးပို့သူ-ဘဦး










