DVB Logo
Home
မြန်မာသတင်း
“သေဒဏ်ကို လက်တွေ့အကောင်အထည်ဖော်မယ်လို့ ယုံကြည်ပါတယ်”- ရောဘတ်ဆန်းအောင်
DVB
·
February 15, 2019
“သေဒဏ်ကို လက်တွေ့အကောင်အထည်ဖော်မယ်လို့ ယုံကြည်ပါတယ်”- ရောဘတ်ဆန်းအောင်
Donate to DVB

ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရာရုံးက ကြည်လင်းနဲ့ အောင်ဝင်းဇော်အပေါ် ချမှတ်လိုက်တဲ့ သေဒဏ်အမိန့်ကို သက်ဆိုင်ရာက အကောင် အထည်ဖော်မယ်လို့ ယုံကြည်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်ပါတယ်။

“ပြောရမယ်ဆိုရင် ၈၈ နောက်ပိုင်းမှာတော့ သေဒဏ်ကနေ ပြောင်းပြောင်းသွားတာပဲ ရှိတယ်။ ဒီကိစ္စမှာတော့ ကျနော်ထင်တယ်။ သေဒဏ်ကို လက်တွေ့အကောင်အထည်ဖော် အတည်ပြုမယ်လို့ပဲ ယုံကြည်ပါတယ်။ အဲလိုပဲ ကျနော်တို့ သုံးသပ်ရမှာပေါ့။  ”

ဒ့ါပေမယ့် ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်က ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေဟာ ဇေယျာဖြိုးနဲ့  အောင်ဝင်းထွန်းတို့အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်အဆင့် သတ်မှတ်လို့မရဘူးလို့လည်း ပြောပါတယ်။

“အင်မတန်မှ လျော့ပေါ့သက်သာစွာနဲ့ချတာ။ ဘာလို့လဲဆိုတော့ ၅ နှစ်ချတယ်။ နေတာက ၂ နှစ်ရှိနေပြီ။ ဘာမှမကျန်တော့ဘူး။ နောက်သူ့ကို ဗဟန်းမှာစွဲထားတဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား အတုကိုင်ဆောင်မှု ၂ မှု၊ ဆက်သွယ်ရေးဥပဒေနဲ့စွဲတာက ၁ မှု၊ တာမွေမှာလည်း နိုင်ငံသား မှတ်ပုံတင်ကတ်ပြားနဲ့ အတုကိုင်ဆောင်မှုရှိတယ်။ အဲဒါတွေဟာ အခု ၂ နှစ်ရှိပြီ၊ မြို့နယ်တရားရုံးတွေက ပြီးစီးအောင် ဘာလို့ မစစ်တာလဲ။ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒမှာ မှန်မှန်နဲ့ မြန်မြန်နဲ့ ဇေယျာဖြိုးအမှု မပါဘူးလား။ အဲဒါကိုလည်းပဲ ခရိုင်အဆင့် တရားသူကြီးတွေ တိုင်းအဆင့် တရားသူကြီးတွေက ဒါကိုမကြည့်ဘူးလား။ ဘယ်သြဇာနဲ့ ဘယ်လိုအရိပ်တွေ လွှမ်းနေလဲဆိုတော့ စဉ်းစားရတော့မယ်။  ကျနော်တို့ကတော့ ဇေယျာဖြိုးကို အဲဒီပုဒ်မဖြုတ်ပြီးတော့ သက်သာတဲ့ ပုဒ်မတခုပြောင်းတာကို အဲဒါလည်း အယူခံဝင်မှာပါ။ နောက် အောင်ဝင်းထွန်းကို ၅ နှစ်ချရမယ့်ဟာကို ၃ နှစ်ပဲချတယ်။ ဒီနှစ်ချက်က ပြစ်ဒဏ်တိုးမြင့်ဖို့ လိုပြီလို့မြင်တယ်။ ”

“လူသတ်မှုကြီးတခုဖြစ်မြောက်အောင် အားပေးကူညီခဲ့တဲ့ကိစ္စမှာ  ဒီလောက်သက်သာတဲ့ ပြစ်ဒဏ်က မဖြစ်သင့်ဘူး။ ပြစ်မှုနဲ့ပြစ်ဒဏ်မျှတရမယ်လို့ တရားရေးက အကြီးအကဲတိုင်းက ပြောထားတာပဲ။ အခု မျှတတယ်လို့ ဘယ်လိုပြောမလဲ။ လူ့အသက် ၂ ချောင်းဆုံးရှုံးသွားတာ ၅ နှစ်တို့၊ ၃ နှစ်တို့ဆိုတာ ဒါက မျှတမှုမရှိဘူး။ သူတို့ ဇေယျာဖြိုးက အားပေးအားမြောက်လုပ်ထားတာ။”

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ  ရှေ့နေ ဦးကိုနီကို အနီးကပ်ပစ်သတ်ခဲ့တဲ့ ကြည်လင်းကို ကြိုးဒဏ် သေဒဏ် အနှစ် ၂၀၊ အောင်ဝင်းဇော်ကို သေဒဏ်၊  ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်ကျခံဖို့ စီရင်ချက်ချမှတ်ခဲ့တာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ဇန်နဝါရီလက ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ သေနတ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီအမှုဟာ ရုံးချိန်းပေါင်း ၁၀၀ ကျော်၊ စစ်ဆေးချိန် ၂ နှစ်ကျော်ကြာမှာ အမိန့်ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013