
တနင်္သာရီတိုင်းခရီးစဉ်သွားရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံလူထုရဲ့ အပြင်းအထန် ဝေဖန်ကန့်ကွက် တိုင်ကြားခံနေရတဲ့ ၀န်ကြီးချုပ်အပါအ၀င် တနင်္သာရီတိုင်းအစိုးရအဖွဲ့နဲ့ ဆွေးနွေးသွားမယ်လို့ ဒီကနေ့ နေ့လည်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ ပြည်သူလူထုနဲ့ နီးစပ်မှုရှိအောင် ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဒီကနေ့မှာပဲ တိုင်းအစိုးရနဲ့ ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က စတင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ်မှာ တိုင်းအစိုးရအဖွဲ့ကို အရေးယူပေးဖို့ မြိတ်၊ ကော့သောင်းနဲ့ ထားဝယ်မှာရှိတဲ့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုခဲကြပါတယ်။
ကော့သောင်းမှာ ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “တိုင်းဝန်ကြီးချုပ်ဟာ အရင်က ကျွန်းကိစ္စ၊ ဆီအုန်းခြံကိစ္စ စနစ်တကျ စည်းနဲ့ကမ်းနဲ့ ကိုင်တွယ်မယ်လို့ ပြည်သူတွေကို ကတိပေးထားပေမယ့် နောက်ပိုင်း ကော့သောင်းကို ရောက်လာတဲ့အခါမှာ သူဌေးကျွန်းမှာပဲ အချိန်ကုန်သွားပြီး ပြည်သူတွေရဲ့ အသံကို နားမထောင်တော့ဘူး”လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တနင်္သာရီတိုင်းခရီးစဉ်လာရောက်တာဟာ တိုင်းအစိုးရအဖွဲ့ကို ဆုံးမဖို့ဖြစ်တယ်လို့လည်း ဖေဖော်ဝါရီ ၁၃ ရက်က မြိတ်မြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာကော့သောင်းမြို့ကနေ ဒီကနေ့ ထားဝယ်မြို့ကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။











