DVB Logo
Home
မြန်မာသတင်း
ဘားအံဆေးရုံတွင် ခွေးရူးကာကွယ်ဆေး ပြတ်နေသဖြင့် ပြင်ပက ၀ယ်ယူထိုးနှံနေရ
DVB
·
February 15, 2019
ဘားအံဆေးရုံတွင် ခွေးရူးကာကွယ်ဆေး ပြတ်နေသဖြင့် ပြင်ပက ၀ယ်ယူထိုးနှံနေရ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ခွေးရူးရောဂါ ကာကွယ်ဆေး လုံလောက်မှုမရှိဘဲ ပြတ်လပ်နေတယ်လို့  ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်ကပြောပါတယ်။

“လက်ရှိအခြေအနေမှာ တနိုင်ငံလုံးအနေနဲ့ ဆေးလက်ကျန်မရှိ ဖြစ်နေတယ်လို့ကြားရတယ်။ အဲဒါကြောင့်မို့လို့ ဆေးပြတ်သွားတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အိုပီတီမှာ ဆေးထိုးစရာမရှိတာ ဒီလ ၇ ရက်နေ့က  စပြီးပြတ်နေတာ”လို့ ပြောပါတယ်။

လတ်တလော ဆေးရုံကြီးမှာ ဆေးပြတ်နေတာကြောင့် ခွေးကိုက်ခံရသူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အပြင်ဆေးဆိုင်တွေကနေ ၀ယ်ယူပြီး ထိုးနှံနေရတယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၉ ၀ါဆိုဦးရပ်ကွက်နေ ဒေါ်ရီရီစန်းက“ဆေးရုံကြီးက ပြောတယ်။ သူတို့မှာဆေးကုန်နေလို့တဲ့။ အပြင်မှာဝယ်ထိုးရမယ်ပေါ့။ အဲဒါနဲ့ အပြင်မှာဝယ်ပြီး ထိုးလိုက်ရတယ်။ အလကားထိုးပေးနေတယ်ဆိုတော့ တကယ်လက်တွေ့မှာကျတော့ အခက်အခဲတွေ အကြီးအကျယ်ကြုံရတယ်”လို့ ပြောပါတယ်။

ဘားအံပြည်သူဆေးရုံကြီးဟာ ပြည်နယ်အဆင့်ဆေးရုံကြီးဖြစ်ပေမယ့် အရေးပေါ်ဆေးဝါးတွေ ပြည့်စုံလုံလောက်မှုမရှိဘဲ အပြင်ဆေးခန်းတွေမှာ ၀ယ်ယူနေရာတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိပါတယ်။

ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ မ၀င်းနန္ဒရွှေက“သမီးခွေးရူးကိုက်တာ ၁၉ ရက် ၁ လပိုင်းက။ ဆေးရုံသွားတော့ ဘယ်နေရာထိသွားလဲ မမေးဘူး။ သမီးကို သွေးထွက်သွားသေးလား။ အဲလိုပဲမေးပြီး ဆေးရေးပေးပြီးတော့ ဆေးသွားဝယ်ခိုင်းတယ်။ အများအားဖြင့် ဆေးရုံကြီး ဆိုတာ မရှိမဖြစ်ကိရိယာတွေရော၊ ဆေးဝါးတွေရောရှိ သင့်တယ်လို့ထင်တယ်”လို့ ပြောပါတယ်။

ခွေးကိုက်ခံရတဲ့သူတွေဟာ ခွေးရူးရောဂါကာကွယ်ဆေးကို ၄ ကြိမ်တိုင်တိုင်ထိုးနှံရမှာဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အတွက် ဆေးဖိုး ကျပ် ၁၅၀၀၀ လောက်ကုန်ကျပါတယ်။ တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်အတွက် ကျပ် ၁၅၀၀၀လောက် ထပ်မံကုန်ကျပါတယ်။

ခွေးရူးရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဦးစီးဌာနမှူးကို ဒီဗွီဘီက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူ မအားလပ်တဲ့အတွက် ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013