DVB Logo
Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ်နှင့်ဗီဇာတုလုပ်သည့် ထိုင်းကုမ္ပဏီပိုင်ရှင်နှင့် ဇနီးဖြစ်သူ မြန်မာအမျိုးသမီးကို ဖမ်းဆီး
DVB
·
February 15, 2019
နိုင်ငံကူးလက်မှတ်နှင့်ဗီဇာတုလုပ်သည့် ထိုင်းကုမ္ပဏီပိုင်ရှင်နှင့် ဇနီးဖြစ်သူ မြန်မာအမျိုးသမီးကို ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ်၊ ထိုင်းဗီဇာအတုတွေ ပြုလုပ်ပေးနေတဲ့ ကုမ္ပဏီပိုင်ရှင် ထိုင်းအမျိုးသားနဲ့ ဇနီးဖြစ်သူ မြန်မာအမျိုးသမီးကို မနေ့ညက ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဘန်ကောက်ခရိုင် လတ်ဆီနယ်မြေ ဘန်းခဲင်ရပ်ကွက် ကျဲင့်ဝပ်ထနလမ်းထဲက CBS World အလုပ်သမားဝန်ဆောင်ရေး ကုမ္ပဏီဟာ ထိုင်းဗီဇာတုပကြောင်း စုံစမ်းသိရှိရတဲ့အတွက် လ၀က၊ နယ်မြေခံရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေဟာ အဆိုပါကုမ္ပဏီကို ဖေဖော်ဝါရီ ၁၄ ရက်ညက ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။

ဒီမတိုင်ခင်က မြန်မာနိုင်ငံကူး လက်မှတ် အမှတ် CC 7270593 ကိုင်ဆောင်သူတဦးဟာ နေထိုင်ခွင့်ရက် ၉၀ ပြည့်လို့ နွန်ထပူရီရဲစခန်းမှာ လာရောက်သက်တမ်းတိုးစဉ် မသင်္ကာစရာ အချက်တွေတွေ့ခဲ့ကြောင်း၊ ဒါကြောင့် ယခင်က ဗီဇာတုံးထုခဲ့တဲ့ နခွမ်းဆ၀မ် လ၀က ရဲတပ်ဖွဲ့ကို ပေးပို့ပြီး စစ်ဆေးစေခဲ့ရာ နခွမ်းဆ၀မ်ရဲစခန်းက သူတို့ဆီက ထွက်တာမဟုတ်ဘူးလို့ ပြန် အကြောင်းကြားလာတဲ့အတွက် ဆက်လက်စုံစမ်းစစ်ဆေးပြီး CBS World ကုမ္ပဏီကို ၀င်ရောက် စီနင်းရှာဖွေခဲ့တာလို့ ထိုင်းလ၀က ဒုရဲချုပ်ကြီး ဆူရချေ့ ဟတ်ဖန်းက မနေ့ည သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါ ကုမ္ပဏီထဲမှာ နိုင်ငံကူးလက်မှတ်စာအုပ်ပေါင်း ၇၂၂ အုပ် နဲ့ တံဆိပ်တုံးအမျိုးမျိုး စုစုပေါင်း ၂၄ တုံး၊ စာရွက်စာတမ်း အမြောက်အမြားတို့ကို စစ်ဆေးတွေ့ရှိရပြီး  ကုမ္ပဏီကုမ္ပဏီပိုင်ရှင် နိုင်း ဆူရ၀ုဒ် ဆင်ထ၀ါရှီဝ (အသက် ၆၀ နှစ်) နဲ့ ဇနီးဖြစ်သူ မြန်မာအမျိုးသမီး နမ့်ဖွန် (အသက် ၄၂ နှစ် ) တို့ကို ဖမ်းဆီးလိုက်တာပါ။

သူတို့ ၂ ဦးကလည်း ရွှေ့ပြောင်းအလုပ်သမားများထံမှ တဦးကို ဘတ် ၁၅၀၀ မှ ၂၀၀၀ ထိ ကောက်ခံကာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခဲ့ကြောင်း၊ ဒီအလုပ်လုပ်လာတာ ၁၀ နှစ်ကျော်ပြီဖြစ်ပြီး နှစ်စဉ်လည်ပတ်ငွေ ဘတ်သန်းနဲ့ချီရှိတယ်လို့  ၀န်ခံသွားပါတယ်။

သူတို့ ၂ ဦးကို ထိုင်းလ၀က ရဲတပ်ဖွဲ့က စာရွက်စာတမ်းတုပမှု၊ အစိုးရဌာနဆိုင်ရာ တံဆိပ်တုံးများတုပမှု၊ ပင်စင်ယူပြီးသောဝန်ထမ်းနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိများ ရဲ့ အမည်နာမကို အလွဲသုံးစားပြုမှုတွေနဲ့  အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိရဲတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ  ဒုရဲမှူး ၀ပ်ချရဖွန်း ကန်ကျနကန်းထွန်းက ဖမ်းဆီးရမိတဲ့ နိုင်ငံကူးလက်မှတ်တွေမှာ မြန်မာနိုင်ငံကူးလက်မှတ်က အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ်တွေလည်း ပါဝင်ကြောင်း၊ အဆိုပါကုမ္ပဏီရှိ နိုင်ငံကူးလက်မှတ်ပိုင်ရှင်တွေအနေနဲ့ စိုးရိမ်စရာမလိုဘဲ ဆွန်ဖူး လ၀ကရုံး (ဆာထွန်းနယ်မြေ ၊ ဆွန်ဖူးလမ်းရှိ လ၀ကရုံးချုပ်) ကို လာရောက်အကြောင်းကြားစေလိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံကူးလက်မှတ်တွေက အတုလား အစစ်လားဆိုတာ ကျနော်တို့ခွဲခြားလို့ မရသေးပါဘူး၊ သက်ဆိုင်ရာနိုင်ငံက သံရုံးတွေနဲ့ ပေါင်းပြီးစစ်ဆေးရမှာဖြစ်တယ်။ အဲဒီက နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကိုတော့ အမှုဖွင့်အရေးယူတာ ဘာမှမရှိပါဘူး၊ ဘာမှကြောက်စရာမလိုဘဲ  ဆွန်ဖူးရဲစခန်းက စုံစမ်းစစ်ဆေးရေး အရာရှိဆီမှာလာပြီး ဆက်သွယ်စေလိုပါတယ်။”

ဒီအမှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ တနိုင်ငံလုံးက နေရာပေါင်း ၁၀ ခုကို ဆက်လက်စစ်ဆေးသွားမှာဖြစ်သလို လူကုန်ကူးမှုတွေနဲ့ ပတ်သက်တာတွေလည်း စစ်ဆေးအရေး ယူသွားမယ်လို့ ဆိုပါတယ်။

အဆိုပါကုမ္ပဏီမှ သိမ်းဆည်းရမိတဲ့ အလုပ်သမားမှတ်ပုံတင်စာအုပ်တွေဟာ အတုဆိုရင် စစ်ဆေးတွေ့ရှိချိန်မှစပြီး ချက်ချင်းပယ်ဖျက်ခံရမှာဖြစ်ကာ စာရွက်စာတမ်းတုပမှုတွေနဲ့ အရေး ယူသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးမှူး နန်းဖစ်ရတ်တန ဆင်အွေ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013