
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီကို မင်္ဂလာဒုံလေဆိပ်မှာ သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့တဲ့ ကြည်လင်းပါ လေးဦးကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ရက်မှာ အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ် အမိန့် ချမှတ်မှာပါ။
ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပြည်ပကနေ ပြန်လာချိန် ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။
ဒီအမှုဟာ ရုံးချိန်းပေါင်း ၁၀၀ကျော်၊ စစ်ဆေးချိန် ၂နှစ်ကျော်ကြာမြင့်ခဲ့သလို လူအများ စိတ်ဝင်စားတဲ့ အမှုလည်း ဖြစ်ပါတယ်။
ဒီအမှုမှာ သေနတ်သမားကြည်လင်းအပါအဝင် လေးဦးကို စွဲချက်တင်ထားတာဖြစ်ပြီး အဓိက ကွင်းဆက်တရားခံလို့ ယူဆထားကြတဲ့ အောင်ဝင်းခိုင်ကတော့ လွတ်မြောက်နေတာကြောင့် တရားရုံးက ဝရမ်းပြေးအဖြစ် ကြေညာထားပါတယ်။
ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ပြစ်မှုထင်ရှားရင်သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ စွဲချက်တင်စစ်ဆေးနေတာပါ။
ဒီနေ့ရုံးချိန်းမှာတော့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားတွေ၊ အမျိုးသာရေး တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် လူအများအပြား လာရောက် စောင့်ကြည့်နေကြ ပါတယ်။
အမိန့်မချခင် တရားရုံးပတ်ဝန်းကျင်မှာတော့ အရင်နေ့တွေကထက် လုံခြုံရေး အင်အား ပိုမိုချထားပါတယ်။
မနေ့ကတော့ ကြည်လင်းတို့ကို ပြစ်ဒဏ်ကနေ လျော့ပေါ့ပေးဖို့ တကိုယ်တော် ဆုတောင်းဆန္ဒထုတ်ဖော်တာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။











