DVB Logo
Home
မြန်မာသတင်း
အောင်လံမြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်း ၆၄ ဦးတို့ကို ဒေသခံပြည်သူများက ဂုဏ်ပြုဆုချီးမြှင့်
DVB
·
February 14, 2019
အောင်လံမြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်း ၆၄ ဦးတို့ကို ဒေသခံပြည်သူများက ဂုဏ်ပြုဆုချီးမြှင့်
Donate to DVB

လူနာတွေအပေါ် စေတနာထား ပြုစုစောင့်ရှောက်ကုသပေးခဲ့ကြတဲ့ အောင်လံမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်နဲ့ ဆေးရုံဝန်ထမ်း ၆၄ ဦးတို့ကို ဒေသခံပြည်သူတွေက    ရွှေမြို့အောင်လံ ဂုဏ်ထူးဆောင်ဆု ပထမဆုံးအကြိမ် ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

ဂရုဏာကြယ်စင်သွေးလှူရှင်များအသင်း သြဝါဒဆရာတော် ၀ိသုဒ္ဓါရုံသာသနာပြု ဆရာတော်ကြီးနဲ့ ရဟန်းသံဃာတွေ ဦးဆောင်ပြီး ရရှိတဲ့အလှူငွေနဲ့ ရွှေစင် ၁ ကျပ်ခွဲသား အလေးချိန် တန်ဖိုး ကျပ် ၁၆ သိန်းနီးပါးလောက်ရှိတဲ့ ရွှေတံဆိပ်ဆုနဲ့ ဂုဏ်ပြုလက်မှတ်ကို မြို့နယ်ဆရာဝန်ကြီးကို ချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၆၄ ဦးကိုလည်း ဂုဏ်ပြုလက်မှတ်နဲ့ အဆင့် ၄ ဆင့်ခွဲပြီး အဆင့်လိုက်ငွေကျပ်  ၄ သောင်းမှ ၇ ထောင် အထိ ငွေ ၁၁ သိန်းကျော်ချီးမြှင့်ခဲ့တာပါ။

ဆုရွေးချယ်ရေးကော်မတီအဖွဲ့ဝင် ဦးဌေးဝင်း က “လူနာတွေအပေါ်စေတနာထား နွေးထွေးပျူငှာစွာ ဆက်ဆံမှု ကျွမ်းကျင်စွာကုသနိုင်မှု၊ ဝန်ထမ်းတွေအပေါ် စီမံအုပ်ချုပ်နိုင်မှုတွေ ကြောင့် အရင်က အခြားမြို့တွေ သွားရောက်ဆေးကုသနေရပေမယ့် ဆရာဝန်ကြီးရောက်ရှိလာတဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း အောင်လံဆေးရုံကြီးမှာ အောင်လံမြို့နယ် ပြည်သူများသာမက အခြားမြို့ပြည်သူတွေ အများအပြားလာရောက်ဆေးကုသမှု ခံယူကြပါတယ်”လို့ ပြောပါတယ်။
ပြင်ပပရဟိတအဖွဲ့တွေနဲ့ ရပ်မိရပ်ဖအလှူရှင်တွေကပါ ဆရာဝန်ကြီးရဲ့ စွမ်းဆောင်မှုကြောင့် လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေနဲ့ အဟာရလှူဒါန်းတဲ့အပြင် တလမှာ သန့်စင်တဲ့ သွေးပုလင်း ၈၀၀ ခန့်ကိုလည်း လူနာတွေ အခမဲ့ရရှိအောင်စီစဉ်ထားနိုင်ပါတယ်။

အောင်လံမြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာတွေမှာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွေနဲ့ ရွေ့လျားဆေးကုသမှုလိုက်လံဆောင်ရွက်ပြီး ဆေးရုံဆေးခန်းတွေ ဖွင့်လှစ် နိုင်အောင်ဆောင်ရွက်ပေးနိုင်တာကြောင့် ဆရာဝန်ကြီးနဲ့ဆေးရုံဝန်ထမ်းတွေကို အခုလို ဆုချီးမြှင့်ဖို့ ရွေးချယ်တာပါ။

ဆုချီးမြှင့်ခံရတဲ့ အောင်လံမြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင် က “ခွင့်ပြုတဲ့ ဆေးဝါးမလုံလောက်တော့ ပြင်ပ ပရဟိတတွေနဲ့ ရပ်မိရပ်ဖတွေ စည်းလုံးမှု ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ ရလဒ်ကောင်းတွေဖြစ်ပါတယ်။ ငွေကြေးဆင်းရဲနွမ်းပါးသူတွေကို အခမဲ့ ဆေးကုသပေးနိုင်အောင် ကျန်းမာရေးစောင့်ရှောက်မှု ဆေးပဒေသာပင် ပြုလုပ်ထားတာ အခုဆို ကျပ်သိန်း ၄၀၀ လောက်ရရှိနေပါပြီ”လို့ ပြောပါတယ်။

အခုလိုချီးမြှင့်တဲ့အတွက် တခြားပရဟိတအဖွဲ့တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက ပြည်သူတွေအပေါ် စေတနာထား နွေးထွေးပျူငှာစွာ ဆက်ဆံလာဖို့၊ အားကျအတုယူနိုင်ဖို့နဲ့ အကျိုးပြုလုပ်ငန်းတွေ စွမ်းစွမ်းတမံ ဆောင်ရွက်လာစေဖို့ ရည်ရွယ်ပြီး နှစ်စဉ် ဆုချီးမြှင့်သွားမယ်လို့ ဆုရွေးချယ်ချီးမြှင့်ရေး ကော်မတီက ဒီဗွီဘီကို ပြောပါတယ်။

သတင်း-ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013