DVB Logo
Home
Lead Story
အချစ်ဆုံးအတွက်…. မန်းရှာ
DVB
·
February 14, 2019
အချစ်ဆုံးအတွက်…. မန်းရှာ
Donate to DVB

ရဲရဲတောက် တော်လှန်ရေးခေါင်းဆောင်တယောက်ရဲ့ ရင်ဘတ်နက်နက်ထဲမှာ သူငယ်စဉ်ကလေးဘ၀ထဲက တိတ်တခိုး တွယ်တာမြတ်နိုးခဲ့ရတဲ့  ယုဇနပန်းတွေ အုံနဲ့ ကျင်းနဲ့ တည်ဖွဲ့ အမြစ်တွယ်နေလိမ့်မယ်လို့  ဘယ်သူတွေကများ အလွယ်တကူ တွေးမိမြင်မိနေမှာလိမ့်…

ရုတ်တရက် ကြည့်မယ်ဆိုရင်တော့ ဒီပန်းခြင်းလေးဟာ နှင်းဆီနဲ့ သစ်ခွ ပေါင်းစပ် အလှဆင်ထားတဲ့ သာမန်ပန်းခြင်းလေး တခုပါပဲ။

ဇနီးသည်တယောက်ရဲ့ နောက်ဆုံးခရီးကို ခင်ပွန်းသည်တယောက်က ပန်းတခြင်းနဲ့ နှုတ်ဆက်ခြင်းက လူနှစ်ယောက်ကြားက မေတ္တာတရားကို ဖော်ကျူးပြတဲ့ လူ့သဘာဝရဲ့ ထုံးတမ်းစဉ်လာတခုလို့  ပြောလို့ ရနိုင်ပေမဲ့ ဒီပန်းခြင်းလေးကတော့ ဒီထက်မက ပိုပြီး သိမ်မွေ့ နူးညံ့ နက်ရှိုင်းနေလိမ့်မယ်လို့  ကျမ ထင်ပါတယ်။

သစ်ခွပွင့်ဖြူဖြူလေးတွေကို အနီရင့်ရင့်ရဲရဲ နှင်းဆီပွင့်တွေ အောက်ခံဝန်းရံထားတဲ့ ဒီပန်းခြင်းလေးထဲမှာ အနှစ်နှစ်အလလ ထုတ်ပိုးသိမ်းဆည်းထားတဲ့ ပဒိုမန်းရှာရဲ့ မြတ်နိုးတွယ်တာခြင်းတွေ ပါမယ်။ ကြည်ညိုလေးစား တန်ဖိုးထားခြင်းတွေပါမယ်။ ဦးညွတ်ဂုဏ်ပြုခြင်းတွေပါမယ်။ စကားလုံးအရ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲတဲ့ အခြားအခြားသော ခံစားချက်များလည်း ပါကောင်းပါနေဦးမှာ သေချာပါတယ်။ အတိအကျကိုတော့ ပဒိုမန်းရှာသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ပန်းတနော်၊ ရင်းတိုက်ကုန်းရွာက ယုဇနပန်းတွေကို ချစ်တဲ့ နမ့်ကျင်ရွှေ ဇာတိရွာလေးဖြစ်တဲ့ ရင်းတိုက်ကုန်း အလယ်တန်းကျောင်းမှာ ပဒိုမန်းရှာနဲ့ တတန်းထဲ အတူပညာသင်ခဲ့၊ အတူကစားခဲ့၊ အတူကြီးပြင်းခဲ့တဲ့ အနမ့်  အသက်(၂၂)နှစ်အရွယ်ကစလို့ မြစ်ဝကျွန်းပေါ် ကရင့်တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့တဲ့ ရဲဘော်မ၊ ပဲခူးရိုးမက တိုက်ပွဲကြီး တိုက်ပွဲငယ်များစွာထဲမှာ ရဲရဲတောက် ပါဝင်ဆင်နွဲခဲ့တဲ့ ရဲနီမ၊ ကရင့်တော်လှန်ရေးကြီးထဲမှာ ပဒိုမန်းရှာနဲ့ အတူ အခက်ခဲပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းရင်း နောက်ဆုံး ထွက်သက်အထိ တော်လှန်ရေးအသိနဲ့ ကြွေသွားခဲ့တဲ့ ကြယ်စင်တပွင့်၊ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းရဲ့ စတုတ္တမြောက် သူရဲကောင်းကြီး နမ့်ကျင်ရွှေ ၊ ကျမတို့ ချစ်ခင်လေးစားခဲ့ရတဲ့ မူ့ ဂါးနမ့်ကျင်ရွှေဆုံးတော့ ပဒိုမန်းရှာ မငိုခဲ့ပါ။

အမြဲတမ်းလိုလို တွေးတွေးဆဆနဲ့ တည်တည်ကြည်ကြည်နေတတ်တဲ့ ပဒိုမန်းရှာရဲ့ မျက်နှာဟာ တောအုပ်ညို့ညို့ကြီးတွေလို အုပ်ဆိုင်းနေတာကလွဲလို့ ပဒိုမန်းရှာ မငိုခဲ့ပါ။  အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးတွေရဲ့ရှေ့မှာ ကရင့်တော်လှန်ရေး ရဲဘော်ရဲဘက်တွေရဲ့ အလယ်မှာ မဟာမိတ်ရဲဘော်တွေ ခေါင်းဆောင်တွေရဲ့ မြင်ကွင်းထဲမှာ သူငိုလို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

ဒါပေမဲ့ မူ့ဂါးနမ့်ကျင်ရွှေရဲ့ နောက်ဆုံးခရီးအတွက် ပဒိုမန်းရှာ ကိုယ်တိုင်ကိုယ်ကျ အနုစိပ်ယက်လုပ်ပုံဖော်အလှဆင်ခဲ့တဲ့ အဲ့ဒီခြင်းလေးရဲ့ နှင်းဆီနီတပွင့်ပေါ်မှာတော့ ပဒိုမန်းရှာရဲ့ မျက်ရည်တစက စွန်းထင်းလို့ ။

ပန်းခြင်းလေးရဲ့ ဘေးတဖက် စာရွက်ဝါ၀ါလေးပေါ်မှာ ပဒိုမန်းရှာရဲ့ လက်ရေးနဲ့ ရေးခဲ့တာက

“For My Dearest” တဲ့။  မငိုဘဲ ကျခဲ့တဲ့ မျက်ရည်တစက်ဟာ  နမ့်ကျင်ရွေအပေါ်ထားတဲ့ ပဒိုမန်းရှာရဲ့ ချစ်ခြင်းသစ္စာတရားပါလို့ တော်လှန်ရေး အနုပညာသမားကြီး ပဒိုမန်းရှာက တိုးတိတ်စွာပဲ ကမ္ပည်းထိုးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ (၁၄)ရက် ချစ်သူများနေ့မှာ မချစ်မနှစ်သက်သူတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ပဒိုမန်းရှာရဲ့ ဘယ်ဘက်ရင်အုံက ပွင့်ထွက်လာတဲ့ သွေးတွေဟာ နမ့်ကျင်ရွှေအတွက်အမှတ်ရ သူစိုက်ပျိုးခဲ့တဲ့ ယုဇပန်းအိုးဆီအရောက် လွင့်စင်ကျဲပြန်လို့ တော်လှန်ရေးခရီးကြမ်းမှာ ရင်ဘတ်ချင်း တထပ်တည်းကျခဲ့သူကို သွေးစက်တွေနဲ့ အနုပညာမြောက်စွာ ချစ်မက်မြတ်နိုးခြင်းများကို ပုံဖော်ပြသွားလေရော့သလား ပဒိုမန်းရှာရယ်….။

ခိုင်မာကျော်ဇော

ဖေဖော်ဝါရီ (၁၄)၊ ၂၀၁၉

(ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၁၁ နှစ်မြောက် အမှတ်တရ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013