DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ တခုတည်းသာ ကြံ့ခိုင်ရေးပါတီပြင်ဆင်မည်
DVB
·
February 14, 2019
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ တခုတည်းသာ ကြံ့ခိုင်ရေးပါတီပြင်ဆင်မည်
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတင်သွင်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းမှာ ပုဒ်မ ၂၆၁ တခုတည်းကိုသာ ပြင်ဆင်ဖို့ပါဝင်တယ်လို့  ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေကြားလိုက်တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ဟာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ် ၀န်ကြီးချုပ်တွေ ခန့်အပ်တာဝန်ပေးခြင်းနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတာဖြစ်ပြီး ပုဒ်မခွဲ ၅ ခုပါဝင်ပါတယ်။

လွှတ်ေတာ်အမတ် ဦးသောင်းအေးက "အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၅) ပေါ့။ အုပ်ချုပ်ရေးအခန်းကဏ္ဍက ပုဒ်မ ၂၆၁ ပေါ့။ အဲ့ဒီ ၂၆၁ မှာ (က) ကနေ (င) အထိပါပါတယ်။ ၂၆၁ (က) ကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းပေါ့။ (က)မှာပါတဲ့ အရည်အချင်းနဲ့ပက်သတ်လို့ ကိုယ်တို့က ပြင်ဆင်ဖို့ ဘာမှ ဖော်ပြခြင်း မရှိပါ ဘူး။ (ခ)၊ (ဂ)၊ (ဃ)၊ (င) ပေါ့။ အဲ့ဒါနဲ့ ပက်သတ်ပြီးတော့ ပြင်ဆင်ချက်ဥပဒေမူကြမ်းတင်တာပေါ့။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေးကိစ္စ။ အဲ့ဒီကိစ္စတခုတည်းပဲ ပါပါတယ်”လို့ ပြောပါတယ်။

အဆိုပါ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းကို ကြံ့ခိုင်ရေးပါတီက ကိုယ်စားတွေ၊ တိုင်းရင်းသားပါတီတချို့က ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ လက်မှတ် ၂၀ ရာခိုင်နှုန်းနဲ့ တင်သွင်းတာဖြစ်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။

ပါတီကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်ဖို့ ကြေညာထားတာကြောင့် အခုလို တင်သွင်းရတာဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ထိရောက်အောင် ပုဒ်မတခုတည်း တင်သွင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါမှလည်း အမျိုးသားညီညွတ်ရေးရော၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးရော၊ လွတ်လပ်ပြီး တရားမျှတတဲ့ အခွင့်အရေးတွေရော ပိုပြီးတော့ရလာနိုင်မယ်ဆိုတဲ့ မျှော်မှန်းချက်။ နောက်တခါ ဗဟိုချုပ်ကိုင်မှုပေါ့။ ဒါလေးတွေ လျော့ပါးသွားဖို့ ဒါလေးတွေကို တွေးပြီးတော့မှ ဒီဥပဒေကို ဦးဆုံးပြင်ဖို့ တင်လိုက်တာပါ။ ဒီပုဒ်မကနေစပြီး တဆင့်ချင်းသွားကြရမှာပဲ။ တခုချင်းသွားရင် တခု မြန်မြန်ပြီးသွားတာပေါ့။ အများကြီးတန်းစီ ဆွေးနွေးနေရင် ပြီးပြတ်မှာ မဟုတ်ဘူး " လို့ ဦးသောင်းအေးက ပြောပါတယ်။

ဒီပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က မြန်မြန်ဆန်ဆန် လက်ခံ၊ ဆွေးနွေး၊ အတည်ပြုလိုက်ရင် ၂၀၂၀ ပြည့်နှစ် မတိုင်ခင် အတည်ဖြစ်သွားနိုင်ပေမယ့် ဒါဟာ အစိုးရနဲ့ လွှတ်တော်အပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက် နိုင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို  ဖွဲ့စည်းပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ဒီအဆိုကို လွှတ်တော်က အတည်ပြုထားတဲ့အတွက် ပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013