DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အစိုးနှင့် ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူများ သဘောတူညီမှုရရှိ
DVB
·
February 13, 2019
ကယားပြည်နယ်အစိုးနှင့် ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူများ သဘောတူညီမှုရရှိ
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်တွေကို  ပြည်နယ် အစိုးရက တလအတွင်း စတင်အကောင်အထည်ဖော်ပေးဖို့နဲ့ ပျက်ကွက်ရင် ဗိုလ်ချုပ်ကြေးရုပ်ကို နေရာ ရွေ့ပြောင်းပေးဖို့  သဘောတူညီခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ကြေးရုပ်ကန့်ကွက်ရေးကော်မတီတို့ မနေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက်ရရှိခဲ့တာပါ။

ဆန္ဒပြလူငယ်အဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ခူးရီးရယ်က “မနေ့ကစပြီး တလအတွင်း ကျနော်တို့ဆွေးနွေးမှုတွေ ပြန်လုပ်မယ်။ တကြိမ်၊ နှစ်ကြိမ်၊ ပြုလုပ်ပြီးမှ သဘောတူညီချက်တွေ ရကောင်းရလိမ့်မယ်။တလအတွင်းမှာ ကျနော်တို့တွေ့ဆုံတဲ့ သဘောတူညီချက်တွေအပေါ် မူတည်ပြီးတော့ အစိုးရက အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

မနေ့တုန်းက ၀န်ကြီးချုပ်နဲ့တွေ့ဆုံတဲ့အချိန်မှာလည်း ၀န်ကြီးချုပ်က ဒီဗိုလ်ချုပ်ကြေးရုပ်ကို အများပြည်သူဆန္ဒအရ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် လူငယ်တွေက မေးခွန်းထုတ်ရာမှာတော့ ပြန်မဖြေနိုင်ခဲ့ဘူးလို့လည်း ခူးရီးရယ်က ပြောပါတယ်။

“သူက လိုလိုလားလားရှိတဲ့ပြည်သူတွေကတောင်းဆိုလို့ ကျနော်တို့အစိုးရကနေပြီးမှ  ၀ိုင်းဝန်းပြီး လုပ်ခဲ့ခြင်းဖြစ်တယ်လို့ သူကတော့ ပြောတာတာပေါ့နော်။ ဆိုတော့ ကျနော်တို့က မေးခွန်း ပြန်ထုတ်ပါတယ်။ လိုလိုလားလားဆိုတဲ့ ပြည်သူတွေက ဘယ်ကလဲ၊ ဘယ်နှစ်ယောက်လဲ၊ တကယ့်ဌာနေ တိုင်းရင်းသားတွေဟုတ်လား ကျနော်တို့မေးတော့လည်း သူကနေပြီးမှ ပြန်လည်ဖြေကြားခြင်းမရှိသလို ဖြေလည်းမဖြေနိုင်ဘူး။ နောက် ကျနော်တို့ တခုထပ်မေး လိုက်ပါတယ်။ ဒါဆိုလို့ရှိရင် လိုလိုလားလားကန့်ကွက်နေတဲ့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အတွက် အစိုးရဘက်ကနေ ပူးပေါင်းပေးဖို့ အစီအစဉ်မရှိဘူးလားဆိုတော့ ဘာမှ ပြန်ပြီးတော့မှ တုံ့ပြန်ခြင်းမရှိပါဘူး။”

ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မီတီနဲ့ ကန့်ကွက်သူ ကော်မီတီအဖွဲ့တွေအကြား မျှတတဲ့ ဦးရေနဲ့ တလအတွင်း သီးခြားတိုင်ပင်ညှိနှိုင်းဖို့၊ နှစ်ဖက် အပြန်အလှန်ရရှိထားတဲ့ သဘာတူညီချက်တွေကိုသာ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့၊ သဘောတူညီချက်တွေမှာ ဗိုလ်ချုပ်မိန့်ခွန်း၊ ဗိုလ်ချုပ်ကတိက၀တ် ပင်လုံစာချုပ်တွေဟာ အထောက်အထား ပြည်စုံမှန်ကန်ပါက အစိုးရက ကမ္ပည်းရေးထိုးပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ညှိနှိုင်းနေစဉ် တလအတွင်း ပြည်နယ်ခန်းမမှ အပ ကန္ဒဟေ၀န်ပန်းခြံမှာ ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲတွေ မကျင်းပဖို့နဲ့ တလအတွင်း ရရှိထားတဲ့ သဘောတူညီချက် စတင်အကောင်အထည် ဖော်ပေးဖို့၊ ပျက်ကွက်ရင်တော့ ကြေးရုပ်ကို သက်ဆိုင်ရာရုံးသို့ ပြန်လည်ရွှေ့ပြောင်းပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းက ညှိနှိုင်းမှုအရ ဆန္ဒပြလူငယ်တွေအားလုံး တရားစွဲဆိုတဲ့ အမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဆန္ဒပြမှုတွေကို ရပ်ဆိုင်းထားဖို့လည်း သဘောတူညီခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ဇူလိုင်ကနေ မနေ့ကအထိ ဗိုလ်ချုပ်ကြေးရုပ်စတင်ကန့်ကွက်မှုကြောင့် ကရင်နီ လူငယ် ၅၅ ဦး ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ပုဒ်မ ၅၀၅ (ခ) (ဂ) တွေနဲ့ တရားစွဲဆိုခံထားရပြီး အဲဒီလူတွေကို အမှုကနေ ရုပ်သိမ်းပေးမှာဖြစ်ကြောင်း မနေ့က သဘောတူညီခဲ့တယ်လို့ ခူးရီးရယ်က ပြောပါတယ်။

ဒါ့အပြင် လူငယ်တွေဘက်လည်း ဗိုလ်ချုပ်ကြေးရုပ်နဲ့ပတ်သက်ပြီး ဆက်ပြီးဆန္ဒမပြဖို့ သဘောတူညီခဲ့ပါတယ်။ ကန့်ကွက်သူ လူငယ်တွေအနေနဲ့ ဆက်လက်ဆွေးနွေးဖို့ အဆင်သင့် ရှိပေမယ့် အစိုးရဘက်က ကြေးရုပ်ဖြစ်မြောက်ရေးကော်မီတီက ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးဘူးလို့လည်း ပြောပါတယ်။

ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့၊ ကန္တာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ထားခဲ့တဲ့အတွက် ကရင်နီလူငယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လ ကတည်းက ကန့်ကွက်ခဲ့ကြပါတယ်။

ဒီလိုကန့်ကွက်မှုရှိနေတဲ့ကြားကပဲ ဖေဖော်ဝါရီ ၂ ရက်က ပန်းခြံထဲမှာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခဲ့လို့  မနေ့က ပြည်ထောင်စုနေ့မှာ ဒေသခံ ကရင်နီလူငယ်တွေက လူအင်အား ၃၀၀၀ လောက်နဲ့ ပန်းခြံရှိရာကို ချီတက် ဆန္ဒပြခဲ့ပါတယ်။

ဒီဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်တွေနဲ့ပစ်ခတ်ပြီး မီးသတ်ပိုက်နဲ့ လူစုခွဲခဲ့တဲ့အတွက် ဆန္ဒပြလူငယ် ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013