၁၀၄ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ မြောင်းမြတွင် ငှက်မျိုးစုံ စွမ်းရည်ပြပွဲကျင်းပမည်
DVB
·
February 12, 2019
ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ၁၀၄ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့မှာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့က ဗိုလ်ချုပ်ရင်ပြင်မှာ ဧရာဝတီငှက်ဝါသနာရှင်တွေစုပေါင်းပြီး ငှက်မျိုးစုံ စွမ်းရည်ပြပွဲ ကျင်းပဖို့ ရှိပါတယ်။
ဒီပြပွဲမှာ ငှက်ဝါသနာရှင်တွေ လေ့ကျင့်သင်ကြားပေးထားတဲ့ အမဲလိုက်ငှက်တွေ ပျံသန်းတာ၊ လေထဲမှာ ပျံဝဲခိုင်းတာနဲ့ ပျံနေတဲ့ငှက်ကို လက်ပေါ်ခေါ်ပြတာ စတာတွေ ပါဝင်မယ်လို့ ဧရာဝတီ ငှက်ဝါသနာရှင်အသင်းက ကိုဟိန်းဇော်အောင်က ပြောပါတယ်။
ဒီပြပွဲဟာ ဧရာဝတီတိုင်းမှာ ပထမဆုံးကျင်းပတဲ့ ငှက်စွမ်းရည်ပြပွဲဖြစ်ကာ ပွဲဖြစ်မြောက်ရေးအတွက် ကရုဏာရှင်လူငယ်များအသင်း မြောင်းမြမြို့က ဝိုင်းဝန်းပံ့ပိုး ကူညီခဲ့တာ ဖြစ်ပါတယ်။
ဒီပြပွဲမှာ ငှက်ကလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ချင်သူတွေလည်း တွဲရိုက်နိုင်တယ်လို့ သိရပါတယ်။
သတင်း- ကျော်စိုးမိုး( ဖျာပုံ)၊ ဘိုဘို (မြောင်းမြ)