၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဇာတိနတ်မောက်တွင် ကျင်းပ
DVB
·
February 12, 2019

၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိနတ်မောက်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
ဗိုလ်ချုပ်မွေးနေ့ ဖွင့်ပွဲအခမ်းနားကိုတော့ နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာရှိတဲ့ ရာပြည့်ကွင်းထဲမှာ ကျင်းပခဲ့တာပါ။
ဗိုလ်ချုပ်မွေးရပ်မြေ နတ်မောက်မြို့မှာ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်တဲ့ နှစ်တစ်ရာပြည့် ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားကနေ စတင်ပြီး ဗိုလ်ချုပ်မွေးနေ့အခမ်းအနားတွေကို လွတ်လပ်စွာ ကျင်းပလာခဲ့ကြတာပါ။
အရင်စစ်အစိုးရလက်ထက်ကတော့ အခုလိုအခမ်းအနားမျိုးကို နိုင်ငံရေးသမား လူနည်းစုနဲ့သာ လျို့ဝှက်ကျင်းပခဲ့ကြရတာလို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ပြောပါတယ်။
ဒါပေမယ့် အခုနှစ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖွင့်ပွဲအခမ်းအနားကို တိုင်းအစိုးရအဖွဲ့က လာရောက်ဖွင့်လှစ်ပေးစေလိုပေမယ့် မတက်ရောက်တာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ လည်း နတ်မောက်ဒေသခံတွေက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားမှာစာပေဟောပြောပွဲတွေ၊ စာအုပ်အရောင်းပြခန်း၊ ဗိုလ်ချုပ်အမှတ်တရ ဓာတ်ပုံ၊ ပန်းချီပြခန်း၊ နွားလှည်းပြိုင်ပွဲနဲ့ အလှပြပွဲတွေထည့်သွင်း ကျင်းပ ဖို့ရှိပါတယ်။
သတင်း- ပေါ်ဦး