
အန်အယ်လ်ဒီပါတီက လွှတ်တော်ထဲမှာ ဦးဆောင်ကြိုးစားဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို မူအားဖြင့် ထောက်ခံတယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၁ရက်က ရန်ကုန်မြို့ ပါတီဌာနချုပ်မှာကျင်းပတဲ့ ၇၂နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတာဝန်ရှိသူတွေက ပြောကြားလိုက်တာပါ။
၂၀၀၈ ဖွဲ့စည်းပုံကို ဆောလျင်စွာ ပြင်ဆင်နိုင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ တရပ်ကိုဖွဲ့စည်းဖို့ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်န၀ါရီ ၂၉ ရက်က အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ဒီအဆိုကို လွှတ်တော်က အတည်ပြုထားတဲ့အတွက် ပြင်ဆင်ရေးကော်မတီကို အဖွဲ့ဝင် ၄၅ဦးနဲ့ ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အဲဒီကော်မတီမှာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ အချိုးကျပါဝင်ဖို့တော့ လိုအပ်တယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောပါတယ်။
တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ အာဏာရှင် ဦးနေဝင်းရဲ့ မဆလပါတီကနေအသွင်ပြောင်း လာတဲ့ပါတီဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။











