
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးပြီးစီး သွားပါက သတင်းထုတ်ပြန်ပေးသွားမယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြောကြားလိုက်ပါတယ်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နဲ့ပတ်သက်ပြီး ကော်မရှင်ထံကို တိုင်ကြားစာ ရောက်ရှိနေပြီး ဒီတိုင်ကြားစာနဲ့ ပတ်သက်လို့ တကယ်ကျူးလွန်မှု ရှိ မရှိကို လက်ရှိမှာ စတင်စစ်ဆေးနေပြီလို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြောပါတယ်။
ဒါပေမယ့် အမှုစစ်ဆေးဆဲကာလဖြစ်တာကြောင့် ရလဒ်ကိုတော့ စစ်ဆေးပြီးမှသာ ထုတ်ပြန်သွားမယ်လို့ အဂတိကော်မရှင်ရဲ့ ပြန်ကြားရေးတာဝန်ခံ ခေါင်းဆောင် ဦးဟန်ညွှန့် ပြောပါတယ်။
အန်အယ်လ်ဒီပါတီ တိုင်ကြားစာစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်က “၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ အဂတိလိုက်စားတယ်ဆိုပြီး ပြည်သူတွေရဲ့ တိုင်ကြားချက်နဲ့ပတ်သက်ပြီး အချက် ၆ ချက်ပါ အစီရင်ခံစာကို တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအ၀င် တိုင်းလွှတ်တော်အမတ် ၁၄ဦးက လက်မှတ်ရေးထိုးပြီး သက်သေတွေနဲ့တကွ နိုင်ငံတော်သမ္မတထံ တင်ပြထားပါတယ်။ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ ပါတီတွင်းမှာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ဆေးနေတဲ့ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောလို့ မရသေးဘူး”လို့ ဆိုပါတယ်။
တိုင်ကြားစာစိစစ်ရေးကော်မတီကို တိုင်းလွှတ်တော်က တင်ပြထားတဲ့ အစီရင်ခံစာမှာတော့ ဒေါက်တာလဲ့လဲ့မော်ဟာ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆွေမျိုးနီးစပ်တွေကို လုပ်ငန်း လုပ်ကိုင်ခွင့် တွေ ချပေးတာတွေ၊ ကိုယ်ရေးအရာရှိ ခန့်ထားတာတွေအပါအ၀င် အဂတိလိုက်စားကြောင်း ကျော်ကြားမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ မြို့ခံတွေက လက်မှတ်ထိုး တိုင်ကြားထားပါတယ်။











