DVB Logo
Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်သူ ၇၀၀ ကျော် ရှိပြီ
DVB
·
February 11, 2019
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်သူ ၇၀၀ ကျော် ရှိပြီ
1 / 4
Donate to DVB

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ SSPP နဲ့ RCSS တို့ ပစ်ခတ်တာတွေ ဖြစ်နေပြီး အနားက ရွာတွေက ဒေသခံတွေ မြို့ပေါ်ကို တိမ်းရှောင်လာသူ ၇၀၀ ကျော် ရှိသွားပြီလို့ သိရပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)နဲ့ လက်မှတ်မထိုးရသေးတဲ့  ရှမ်းပြည်တိုး တက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၈ ရက်ကစလို့ မြို့နဲ့ ၈ မိုင်လောက်ဝေးတဲ့ ပန်လော့နဲ့ နမ့်ပျဉ်းရွာက ဒေသခံ ၅၀၀ လောက် တိမ်းရှောင်လာခဲ့တာပါ။

မနေ့ကတော့ မြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ နားပုံနဲ့ နားပြိန်းရွာ ဒေသခံတွေပါ တိမ်းရှောင်လာကြတာပါ။

စစ်ရှောင်တွေကို ကူညီပေးနေသူ ကိုသားဇော်က “မနေ့ညကရော ဒီနေ့မနက်ရော ထပ်ပြီး ရောက်လာကြတယ်။ နားပုံနဲ့ နားပြိန်းရွာတွေက အရင်က စစ်ကြောင့် တိမ်းရှောင်ရတာ မရှိခဲ့တော့ အခုလို စခန်းတွေ ဖွင့်ပေးထားတယ်ဆိုတာတောင် တချို့မသိကြဘူး။ ဒါကြောင့် တချို့က သူတို့ ရပ်ဆွေ ရပ်မျိုးတွေအိမ်မှာ သွားနေကြတယ်။ နမ့်စစ်လင်း ဘုန်းကြီးကျောင်းကိုတော့ လူ ၃၂ ယောက် ရောက်လာတယ်” လို့ ပြောပါတယ်။

ပန်လော့နဲ့ နမ့်ပျဉ်းရွာသားတွေလည်း ထပ်ပြီး တိမ်းရှောင်လာကြတာကြောင့် လူ ၇၀၀ လောက်ရှိနေပြီး သူတို့ကတော့ ဘုန်းကြီးကျောင်း ၂ ခုမှာ နေကြပါတယ်။ အစကတော့ အိမ်စောင့်အနေနဲ့ ကျန်ခဲ့ကြသလို ပန်လော့ရွာဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ခိုလှုံပြီး ကျန်ခဲ့ကြတာပါ။

လတ်တလောမှာတော့ အစိုးရက အိမ်ထောင်စုသုံးပစ္စည်းတွေ ထောက်ပံ့တာရှိသလို ဆန်ဖိုးလည်း ပေးတယ်လို့ ကိုသားဇော်က ပြောပါတယ်။ တခြား စားသောက်ရေးကိုတော့ လူမှုရေးအသင်းတွေက ကူညီပေးနေပါတယ်။

ကိုသားဇော်က “နမ့်ပုံရွာနားမှာလည်း ပစ်ခတ်သံတွေကြားရလို့ ပြေးလာကြတာ။ နှစ်ဖက် အဖွဲ့တွေလည်း အင်အားတွေတိုးလာတယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်သေးဘူး။ ပစ်တာခတ်တာလောက်ပဲ” လို့ ပြောပါတယ်။

အဲဒီအနီးအနားရွာတရွာဖြစ်တဲ့ ကောင်းဟိန်းရွာလည်း တိမ်းရှောင်ဖို့လုပ်နေတယ်လို့ သိရတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ - Thar Zaw Lso

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013