DVB Logo
Home
မြန်မာသတင်း
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ကုမ္ပဏီက ပြန်ရုပ်သိမ်း
DVB
·
February 11, 2019
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ကုမ္ပဏီက ပြန်ရုပ်သိမ်း
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ရှိ နမ္မတူမြစ်ပေါ်က အထက်ရဲရွာ ရေအား လျှပ်စစ်ထုတ်ရေး စီမံကိန်းကို သက်ဆိုင်ရာကုမ္ပဏီက ပြန်လည်ရုပ်သိမ်းခဲ့တဲ့အတွက် ဒေသခံတွေက ၀မ်းမြောက်စွာကြိုဆိုလိုက်ပါတယ်။

ဒီမတိုင်ခင်က လူ့အခွင့်ချိုးဖောက်မှုတွေ စောင့်ကြည့်နေတဲ့ အင်္ဂလန်အခြေစိုက် Burma Campain UK ဟာ ရေကာတာ စီမံကိန်းဆောင်ရွက်မယ့် ဂျာမဏီနိုင်ငံမှ Lahmeyar နဲ့ ပြင်သစ်နိုင်ငံမှ Engie ကုမ္ပဏီတို့ကို သဘာ၀၀န်းကျင်ပျက်စီးစေမှုနဲ့ နာမည်ပျက်ကုမ္ပဏီစာရင်း ထည့်သွင်းခဲ့ပါတယ်။

နာမည်ပျက်စာရင်း ထွက်သွင်းပြီးနော်က ဇန်န၀ါရီ ၂၁ ရက်နေ့မှာ Engie ကုမ္ပဏီက သူတို့အနေနဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ရုပ်သိမ်းမှာဖြစ်ပြီး နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးဖို့ စာတစောင် Burma Campain UK ကို ပြန်လည်ပေးပို့ခဲ့တာလို့ ရှမ်းတောင်သူလယ်သမားများ ကွန်ရက်အဖွဲ့မှ စိုင်းထမ်းအိုက်က ဒီဗွီဘီကို ပြောပါတယ်။

“Engie ကုမ္ပဏီက သူတို့ကို နာမည်ပျက်စာရင်းပယ်ဖျက်ပေးဖို့နဲ့ အထက်ရဲရွာစီမံကိန်း ရုပ်သိမ်းမယ့်အကြောင်း စာပို့လာတယ်လို့ Burma Campain UK က ကျနော်တို့လူမှု အခြေပြု အဖွဲ့အစည်းတွေကို အကြောင်းကြားသလို သူတို့ဝက်ဘ်ဆိုက်မှာလည်း တင်ထားတာတွေ့ ရပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ ဒေသခံတွေ ကြိုဆိုတယ်၊ ၀မ်းသာတယ်။ Engie ကုမ္ပဏီကို နမူနာပြုပြီး နမ္မတူမြစ်ပေါ်က တခြားရေကာတာ ဆောက်လုပ်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေလည်း ဆက်လက်ရုပ်သိမ်းပေးစေချင်ပါတယ်။”

နမ္မတူမြစ်ခေါ် မြစ်ငယ်မြစ်ပေါ်မှာ မန္တလေးတိုင်းက ရဲရွာစီမံကိန်း၊ ပြင်ဦးလွင်မြို့နယ်က ဒီးတုတ်စီမံကိန်း၊ နောင်ချိုမြို့နယ်က အပေါ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားရှိ အထက်ရဲရွာစီမံကိန်းနဲ့ သီပေါနဲ့ နမ္မတူကြားက တာတေချောင်းအပိုင်းမှာလည်း စီမံကိန်း ၁ ခု၊ စုစုပေါင်း ရေကာတာဆောက်လုပ်ရေးစီမံကိန်းပေါင်း ၅ ခု ရှိပါတယ်။

နမ္မတူမြစ်ပေါ်ရှိ ရေကာတာဆောက်လုပ်ရေး/ရေအား လျှပ်စစ်စီမံကိန်းတွေ အားလုံးရုပ်သိမ်းပေးဖို့ ဒေသခံရွာသားတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစ သက်ဆိုင်ရာအဖွှဲအစည်းတွေထံ တောင်းဆိုစာပေးပို့တာ၊ ကြေညာချက်ထုတ်ပြန်တာ၊ လူထုဆွေးနွေးပွဲ၊ ဆန္ဒပြပွဲတွေ အကြိမ် ၂၀ ထက်မနည်း ဆောင်ရွက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ရေကာတာဆောက်လုပ်လို့ လူနေအိမ်ခြေ၊ လယ်ယာခြံမြေတွေ ရေလွှမ်းမိုးမှု ခံခဲ့ရတဲ့ သာဓကများစွာရှိကြောင်း၊ ရေကာတာတည်ဆောက်ပြီး ရရှိလာမယ့် ရေအားလျှပ်စစ်တွေ ဟာလည်း ပြည်ပကိုတင်ပို့ ရောင်းချဖို့သာဖြစ်ပြီး ဒေသခံတွေအတွက် အကျိုးခံစားခွင့်မရှိသလို အချို့နယ်မြေတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတာကြောင့် ဒီစီမံကိန်းတွေကို ကန့်ကွက်ရတာလို့ ရှမ်းတောင်သူလယ်သမားများ ကွန်ရက်အဖွဲ့မှ စိုင်းထမ်းအိုက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013