DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၂၈၀ ကျော် ထပ်မံထွက်ပြေး
DVB
·
February 11, 2019
ကျောက်တော်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၂၈၀ ကျော် ထပ်မံထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီး တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက တိုက်ပွဲတွေကြောင့် ချောင်းတူကျေးရွာဒေသခံ စစ်ဘေးရှောင် ၂၀၀ ကျော် ယိုးတရုတ်ကျေးရွာကို ထွက်ပြေးလာကြပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီကနေစတင်ပြီး တိုက်ပွဲတွေ ချောင်းတူကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထွက်ပြေးလာတဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မနေ့က ချောင်းတူကျေးရွာက ထွက်ပြေးလာတဲ့ မဌေးဝင်းက “မနေ့က နေ့လယ်ပိုင်း ၂ နာရီကနေစပြီး ပစ်ခတ်သံတွေ လက်နက်ကြီးပစ်တာတွေကြားရတယ်။ အဲ့ဒီမှာ မိနစ်အတော် ကြားရတာနဲ့ ညီမတို့ဝရုန်းသုန်းကား ထွက်ပြေးလာတယ်။ တရွာလုံးနီးပါးပဲ၊ သေနတ်သံတွေ လက်နက်ကြီးသံတွေ တော်တော်ကြီးကြောက်စရာကောင်းတယ်။ ရွာနဲ့အနီးနီးလေးပဲ။ အဲ့ကြောင့် ညီမတို့က ဒီကိုထွက်ပြေးလာကြတာပါ” လို့ ပြောပါတယ်။

ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက “တိုက်ပွဲတွေကြောင့် ကျနော်တို့ ယိုးတရုတ်ကျေးရွာကို အဲ့ဒီချောင်းတူကျေးရွာက ကြောက်လန့်ပြီးတော့ မနေ့က ၃ နာရီမှာ စရောက်လာကြတယ်။ အိမ်ထောင်စု ၇၅ စုနဲ့ လူဦးရေ ၂၈၃ ဦး ရောက်နေပါတယ်။ သူတို့တွေ ကျနော်တို့ရွာရဲ့ ဘုန်းတော်ကြီးခေတ္တယာယီနေရာချပေးထားတယ်ဗျ။ လောလောဆယ် စားဖို့သောက်ဖို့ကတော့ နည်းနည်းအကူအညီ ပေးထားပါတယ်” လို့ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေကို အဲ့ဒီအနီးအနားမှာရှိတဲ့ မြတ်လှဲကယ်ဆယ်ရေး စခန်းမှာတဆင့် စားနပ်ရိက္ခာ ကူညီမှုတွေ လုပ်ဆောင်နေတယ်လို့ ဝံလက်ဖောင်ဒေရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဒီဗွီဘီကို ပြောပါတယ်။

“အဲ့ဒီမှာ ကျနော်တို့ မြတ်လှဲကယ်ဆယ်ရေးစခန်းမှာ စားနပ်ရိက္ခာတွေ ပေးထားတယ် စစ်ဘေးရှောင်တွေအတွက်။ အဲ့ဒီနေတဆင့် ကျနော်တို့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားတယ်။ လောလောဆယ် အခုထွက်ပြေးလာတဲ့ သူတွေအတွက်ပေါ့နော်၊ မနေ့က အဲ့ဒီမှာ ယိုးတရုတ် အနားမှာရှိတဲ့ မြက်လှဲကယ်ဆယ်ရေးစခန်းကို ကျနော်တို့က စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားပါတယ်” လို့ပြောပါတယ်။

အဲ့ဒီ ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့လယ် ၂ နာရီကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၈ နာရီအထိ ပစ်ခတ်သံတွေ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေခဲ့ရတယ်လို့ ချောင်းတူကျေးရွာမှာ ကျန်ရစ်ခဲ့တဲ့ ကျေးရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့တိုက်ပွဲတွေကြောင့် မြို့နယ် ၅ မြို့နယ်ကို ထွက်ပြေးလာကြတာ စစ်ဘေးရှောင်တွေ ၇၀၀၀ နီးပါးရှိလာနေပြီး စစ်ဘေးရှောင်တွေ ကူညီဆောင်ရွက်ပေးတဲ့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - Hla Shwe

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013