DVB Logo
Home
မြန်မာသတင်း
တောင်နဝင်းဆည်အခြေအနေ အချိန်နှင့်တပြေးညီသိရှိရန် စီစီတီဗွီဖြင့်စတင်ပြသ
DVB
·
February 11, 2019
တောင်နဝင်းဆည်အခြေအနေ အချိန်နှင့်တပြေးညီသိရှိရန် စီစီတီဗွီဖြင့်စတင်ပြသ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ  တောင်နဝင်းဆည်ရဲ့ တာဘောင်နိမ့်ကျမှုအခြေအနေကို ဒေသခံပြည်သူတွေသိရဖို့ စီစီတီဗွီတွေနဲ့ရိုက်ကူးပြီး ပေါက်ခေါင်း မြို့ပေါ်မှာ ဒီနေ့ စတင်ပြသနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆည်ဘောင်မြေသားတွေ နိမ့်ကျလာပြီး ဘောင်အပေါ် ကွန်ကရစ်တွေ ကွဲအက်လာလို့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။

ဇန်နဝါရီလဆန်းမှာတော့ ဆည်မြောင်းဦးစီးဌာနက ဒုညွှန်ချုပ်နဲ့ ဘူမိဗေဒပညာရှင်တွေ လာရောက်စစ်ဆေးပြီး ကျိုးပေါက်ဖို့ မစိုးရိမ်ရဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဆည်ဘောင်အပေါ် ကွန်ကရစ်တွေ ကွဲအက်လာတဲ့နောက်မှာတော့ ဒေသခံတွေ အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် စီစီတီဗွီ ရှစ်လုံးကို ဇန်နဝါရီ ၉ ရက်က တပ်ဆင်ခဲ့တာပါ။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က “ခု မနက်စပြနေပြီ။ မီးသတ်ရှေ့ တနေရာမှာပဲ ပြတာပါ။ ဒီမနက်ကတော့ ဂျပန်ပညာရှင်တွေက မြေကြီးကို အာထရာဆောင်း ရိုက်သလိုမျိုး လုပ်နေတယ်။ အက်ကွဲကြောင်းတွေကိုလည်း စစ်နေတယ်။ အနားရွာက လူတွေကတော့ ပြောင်းသွားတာလည်း ရှိတယ်။ တချို့ကတော့ ပြန်လာကြတဲ့သူလည်း ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ပေါက်ခေါင်းမြို့ဝန်းကျင်မှာ ငလျင် ၄ ကြိမ် လှုပ်ခဲ့သလို ဇန်နဝါရီ ၁၀ ရက်ကလည်း ရစ်ခ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခဲ့ပါသေးတယ်။ ဒီငလျင်ထဲက တချို့ဟာ ဆည်ကို ဖြတ်သွားခဲ့တယ်လို့ ဘူမိပညာရှင်တွေက ပြောပါတယ်။

ဆည်မြောင်းဌာနရဲ့ ဘူမိပညာရှင်တွေက မြေသားအခြေအနေကို စစ်ဆေးခဲ့ပြီး လက်ရှိကွဲကြောင်းဟာ ဆည်ကို ဒေါင့်ဖြတ်သွားတာမဟုတ်ပဲ ဆည်နဲ့ မျဉ်းပြိုင်ဖြစ်တာကြောင့် စိုးရိမ်စရာ သိပ်မရှိဘူးလို့ ပြောကြတာပါ။

ပေါက်ခေါင်းမြို့ပေါ်မှာတော့ ဆည်တစုံတခု ဖြစ်ခဲ့ရင် ရပ်ကွက်အလိုက် တိမ်းရှောင်ရမယ့် နေရာတွေကို ညွှန်ကြားထားသလို အချက်ပေးစနစ်တွေကိုလည်း အသိပေးထားပါတယ်။

ဒေသခံ လွှတ်တော်အမတ် ဦးသက်မင်းဇော်က “မီးသတ်ဥသြဆွဲမယ်။ ရပ်ကွက်တိုင်းမှာ ၂ နေရာ၊ ၃ နေရာလောက် ဟွန်းတွေထားပြီး အဆင်သင့်လုပ်ထားတယ်။ မီးသတ်ဥသြကိုတော့ မီးလောင်ရင် မဆွဲတော့ဘူး။ မနေ့က မီးလန့်တာရှိတယ်။ မဆွဲဘူး” လို့ ပြောပါတယ်။

တောင်နဝင်းဆည်ကို ၁၉၈၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဆည်ဆောက်တုန်းက ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ခဲ့သလို အောက်ခြေက သက်ရင့်မြေနဲ့ ကျောက်တွေ ဖြစ်တယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013