DVB Logo
Home
မြန်မာသတင်း
ဝက်သက်ရောဂါ ရန်ကုန်တွင်အဖြစ်များနေသဖြင့် ကာကွယ်ဆေးထိုးပေးမည်
DVB
·
February 11, 2019
ဝက်သက်ရောဂါ ရန်ကုန်တွင်အဖြစ်များနေသဖြင့် ကာကွယ်ဆေးထိုးပေးမည်
Donate to DVB

ပြည်နယ်နဲ့တိုင်းတချို့မှာ ဝက်သက်ရောဂါအဖြစ်များနေပြီး ရန်ကုန်က အများဆုံးပွားနေလို့ ကာကွယ်ဆေးထိုးတော့မယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၀င်သက်ရောဂါ အဖြစ်များနေတာဖြစ်ပြီး တနိုင်ငံလုံးရဲ့ ထက်ဝက်လောက်က ရန်ကုန်မှာ ဖြစ်နေတာလို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ဒုညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောပါတယ်။

“တနိုင်ငံလုံးမှာ ဖြစ်တာရဲ့ ထက်ဝက်က ရန်ကုန်မှာ ဖြစ်နေတာ။ ဒါကြောင့် ရန်ကုန်မှာ ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပါတယ်။ ဝက်သက်ဖြစ်တိုင်းမှာ နီးစပ်တဲ့ ကလေးတိုင်းကို ကာကွယ်ဆေးထိုးပါတယ်။ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာလည်း ဖြစ်တယ်ဆိုပေမယ့် နည်းပါတယ်”

ဝက်သက်နဲ့ ဂျိုက်သိုးကာကွယ်ဆေးကို လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ဒဂုံ အရှေ့၊ တောင်နဲ့ ဆိပ်ကမ်းမြို့နယ်တို့မှာ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ စထိုးပေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ဒီမြို့နယ်တွေမှာ ဝက်သက်ကာကွယ်ဆေး ထိုးခဲ့သေးတာပါ။

ဒေါက်တာ ထားထားလင်းက “ပုံမှန်ကာကွယ်ဆေးထိုးတာမှာ အားနည်းခဲ့လို့ပေါ့။ မှန်းထားတာက ၉၅ ရာခိုင်နှုန်း ထိုးဖြစ်ဖို့။ ထိုးဖြစ်တာက ၈၅ ရာခိုင်နှုန်းပဲ ရှိတယ်။ မထိုးဖြစ်တဲ့ ကလေးတွေကလည်း များလာတယ် ဆိုတော့ လူဦးရေများတဲ့ နေရာတွေမှာ ပြဿနာပေါ်တာပေါ့။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ဂရုတစိုက်နဲ့ ဆေးလာထိုးစေချင်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်က တနိုင်ငံလုံးမှာ ဝက်သက်လူနာ ၁၂၇၆ ယောက်ရှိခဲ့ပြီး အခု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိက ၄၄၈ ယောက်ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာက ၃၀၅ ယောက် ဖြစ်နေတာလို့ ဒေါက်တာ ထားထားလင်းက ပြောပါတယ်။

ကာကွယ်ဆေးကို အသက် ၉ လကနေ ၁၅ နှစ်အရွယ်တွေ ထိုးပေးမှာ ဖြစ်ပြီး ရန်ကုန်တိုင်းထဲက မြို့နယ် ၇ ခုမှာ ကလေးပေါင်း ၆ သိန်းနီးပါး ထိုးဖို့ ရည်မှန်းထားပါတယ်။

ဝက်သက်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်နိုင်လို့ ရောဂါရှိသူ ချောင်းဆိုးတာ၊ နှာချေတာတွေကတဆင့် ကူးစက်နိုင်ပါတယ်။

ရောဂါဖြစ်သူရဲ့ အနားမှာနေပြီး ကာကွယ်ဆေးထိုးမထားသူ ၁၀ ယောက်မှာ ၉ ယောက်အထိ ကူးစက်နိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

ရောဂါပြင်းထန်ခဲ့ရင်တော့ အမြင်အာရုံဆုံးရှုံးတာ၊ ဦးနှောက်ရောင်တာဖြစ်တတ်ပြီး အသက် ၅ နှစ်အောက်နဲ့ အာဟာရချို့တဲ့သူတွေဆိုရင်တော့ သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013