DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် တရားမဝင်ရွှေမျောများ လယ်မြေများနှင့်နီးကပ်လာသဖြင့် တောင်သူများ စိုးရိမ်
DVB
·
February 10, 2019
ဟုမ္မလင်းတွင် တရားမဝင်ရွှေမျောများ လယ်မြေများနှင့်နီးကပ်လာသဖြင့် တောင်သူများ စိုးရိမ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ဖာမူအုပ်စုကျေးရွာတွေမှာ လယ်မြေတွေနဲ့ တရားမဝင် ရွှေမျောလုပ်ငန်းတွေ နီးကပ်လာပြီး လယ်မြေများပျက်စီးမယ့်အရေး ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

တရားမဝင် ရွှေမျောလုပ်ငန်းတွေဟာ တောင်သူတွေ လုပ်ကိုင်နေတဲ့ လယ်မြေတွေနဲ့ အရမ်းနီးကပ်လာသလို အဲဒီလုပ်ငန်းတွေက ပို့ချလာတဲ့ မြေစာတွေဟာ လယ်မြေတွေဘေးက ရေသွင်းမြောင်းတွေမှတဆင့် စီးဆင်းလာတာတွေရှိတာကြောင့် ချောင်းမြောင်းများလည်း ကောလာသလို လယ်မြေတွေပါ ထိခိုက်လာတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

တရားမဝင် ရွှေတူးဖော်မှုတွေမှ ထွက်ရှိလာတဲ့ မျောမှီးတွေကြောင့် လောင်ဖာမူအုပ်စုမှ နပါတ်ကား၊ လယ်ဦး၊ တောင်ခြေရင်းကျေးရွာတွေကို ဖြတ်သန်းစီးဆင်းနေတဲ့ နပါတ်ကားချောင်းနဲ့ လယ်များထိပ်ရှိ ပြန်နုတ်ခါးမြောင်းဟာ ကောလာပြီဖြစ်သလို မျောမှီးပါဝင်ပို့ချနေတဲ့ ချောင်းရေတွေကြောင့် လယ်ယာမြေပျက်စီးမယ့် အန္တရာယ်တွေကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

“၂၀၁၅ ခုနှစ်က စပြီး နပါတ်ကားချောင်းဆိုရင်လည်း ကောလာပြီ။ အခု ချောင်းဖြတ် ကားလမ်းတံတားဆိုရင် အမြင့် ၆ ပေရှိရာကနေ ၁ ပေလောက်ပဲကျန်တော့တယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင် ပြန်နုတ်ခါးကွင်းမြောင်းက လယ်ထိပ်မှာ တရားမဝင် လုပ်နေကြတာတွေ ရှိတယ်။ အဲ့ဒီကကျလာတဲ့ မြောင်းရေဟာ နပါတ်ကားချောင်းထဲ စီးဝင်တယ်။ လယ်ကွင်းထိပ်တွေကနေ လုပ်နေကြတော့ မျောမှီးတွေက ရေစီးကြောင်းနဲ့အတူပါလာပြီး တဖြည်းဖြည်းနဲ့ အကုန်ကော ကုန်တော့တာပေါ့။ နောက်ပြီး ဒါတွေကြောင့် အခု အဲ့မြောင်းတွေနဲ့ချောင်းဘေးမှာရှိတဲ့ လယ်မြေတွေလဲ မကြာခင်ပျက်စီးတော့မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်။ သဘာဝ ပတ်ဝန်းကျင်ဆို ဒီတရားမဝင်စည်းကမ်းမရှိလုပ်ကိုင်နေကြတဲ့ မျောလုပ်ငန်းတွေကြောင့် ပျက်စီးရတော့မယ့် အခြေနေဖြစ်နေပြီ။ ဒါတွေက နိုင်ငံတော်အတွက်လဲ အကျိုးမရှိသလို တောင်သူအတွက်လဲ အန္တရာယ် ဖြစ်လာနေပြီလို့ ပြောချင်ပါတယ်"လို့ လယ်ဦးကျေးရွာမှ ဒေသခံတောင်သူ ဦးမြန်သိန်းက ပြောပါတယ်။

အဲဒီကျေးရွာတွေအနီးတဝှက်မှ တရားမဝင်ရွှေတူးဖော်မှုတွေကို ဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ဟုမ္မလင်းမြို့နယ် သတ္တုတွင်း၊ မြေစာရင်း၊ ရဲ၊ စိုက်ပျိုးရေးဌာနတွေက လောင်ဖာမူကျေးရွာအုပ်စုဥက္ကဋ္ဌနဲ့ ဒေသခံတောင်သူတွေကို စစ်ဆေး မေးမြန်းသွားခဲ့တယ်လို့ သိရပါတယ်။

“ဒေသခံတောင်သူတွေရဲ့ တိုင်ကြားစာကြောင့် ကျေးရွာထိ လာစစ်သွားတာ ရှိပါတယ်။ တိုင်ကြားစာပါ အချက်လက်တွေက ဟုတ်သလားပေါ့။ တောင်သူတွေအားလုံးက ဟုတ်မှန်ကြောင်း ထွက်ဆိုလိုက်တယ်။ တဦးချင်းစီထွက်ချက်တွေကိုတော့ လက်မှတ်ထိုးခိုင်းပြီး ယူသွားတယ်။ ဒါပေမယ့် အဲ့အချိန်ကျတော့ လာစစ်တော့မယ်ဆိုတာ ဘယ်ကနေကြိုပြီး သတင်းရ သွားမှန်း မသိဘူး။ လုပ်တဲ့လူတွေက စက်တွေကို ဖြုတ်ဝှက်ထားပြီး လူတွေက ရှောင်နေကြတယ်။ နောက်ပြီး ဌာနဆိုင်ရာအဖွဲ့တွေ ပြန်သွားတော့ လုပ်ငန်းပြန်လုပ်နေကြပြန်တယ်။ ကျနော်တို့ တောင်သူတွေအနေနဲ့ ဘာလုပ်ရမှန်းကို မသိတော့ဘူး” လို့ လယ်ဦးကျေးရွာမှ ရာအိမ်မှူး ဦးကြာညောင်းက ပြောပါတယ်။

လုပ်ပိုင်ခွင့် တရားဝင်မှတ်ပုံမကျသေးတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကုမ္ပဏီတချို့ဟာ ၂၀၁၅ ခုနှစ်က စတင်ပြီး ရေမျောရွှေလုပ်ငန်းကို စက်ကြီး ၆ လုံးထိုးအား သိန်း ၂၀ ဖြင့်လည်းကောင်း၊ စက် ၄ လုံးထိုးအား ၁၂ သိန်းလည်းကောင်း၊ လစဉ်ကြေးကိုတော့ ၅ သောင်းနှုန်းအပြင် ကုန်းမျောရွှေလုပ်ငန်းကိုတော့ ၂ လုံးထိုးစက် ၁ လုံးကို သိန်း ၃၀ နဲ့ လုပ်ကွက်နေရာတွေ ဖြန့်ချိချပေးထားကြောင်းကိုလည်း သိရပါတယ်။

ထိုဒေသ တောင်သူတွေဟာ ရှမ်းနီတိုင်းရင်းသား တောင်သူလယ်သမားတွေဖြစ်ကြပြီး တသီးစားမိုးစပါးကိုပဲ အများဆုံးစိုက်ပျိုးကြပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013