၄၅ ဦးပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းရန် လွှတ်တော်နာယက ကြေညာ
DVB
·
February 8, 2019

၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးဦးဆောင်ကော်မတီကို ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးဆောင်ပြီး ၄၅ ဦး ပါဝင်တဲ့ အဖွဲ့အဖြစ် ဖွဲ့စည်းသွားဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အသိပေးပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းက လွှတ်တော်ဝင်းအတွင်းက ဇမ္ဗူသီရိ ခန်းမဆောင်မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးဆောင်မယ့် ပူးပေါင်းကော်မတီဖွဲ့စည်းမယ့် အစည်းအဝေး အဖွင့်အမှာစကား ပြောကြားချိန်မှာ ပြောဆိုခဲ့တာပါ။
ဒီအစည်းအဝေးကိုတော့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယကတို့က ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီက ကိုယ်စားလှယ် ၂၁ ဦးနဲ့ လေ့လာသူ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးအပါအဝင် တပ်မတော်သား ကိုယ်စားလှယ် ၄ ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။