DVB Logo
Home
မြန်မာသတင်း
ကျူရှင်​စနစ်​ပပျောက်ရေး မိဘနှင့်ဆရာ​များကူညီရန် အတိုင်​ပင်​ခံပုဂ္ဂိုလ်​ တိုက်​တွန်း
DVB
·
February 8, 2019
ကျူရှင်​စနစ်​ပပျောက်ရေး မိဘနှင့်ဆရာ​များကူညီရန် အတိုင်​ပင်​ခံပုဂ္ဂိုလ်​ တိုက်​တွန်း
Donate to DVB

မြန်​မာ့ပညာ​ရေးမှာ ကျူရှင်​စနစ်မရှိဖို့ အစိုးရ၊ ဆရာနဲ့ ကျောင်းသားမိဘတွေမှာ တာဝန်ရှိတဲ့ အတွက် အားလုံးက ၀ိုင်းဝန်းကူညီကြဖို့  နိုင်​ငံ​တော်​ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်က​ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဖေ​ဖော်ဝါရီ ၇ ရက်က တောင်​ကြီးမြို့ အ.ထ.က ၂ ​ကျောင်းမှာ လူထုနဲ့တွေ့ဆုံရာမှာ  ​ကျောင်းသားမိဘတဦးက အခု​ခေတ်​မှာ ကျူရှင်​စနစ်​အပြိုင်​ဖြစ်​​နေတာနဲ့ ပတ်သက်ပြီး ဘယ်​လို​ ပြောင်းလဲမှာလဲလို့ မေးမြန်းခဲ့တဲ့အပေါ် ဖြေကြားလိုက်​တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ​“ကျူရှင်ဖြစ်ပေါ်လာတာက ဆရာဆရာမတွေနဲ့လည်း ဆိုင်တယ်။ မိဘတွေနဲ့လည်း ဆိုင်တယ်။ စနစ်နဲ့လည်းဆိုင်တယ်။ စနစ်ကတော့ ကျမတို့အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့နှစ်ပိုင်းက မိဘဆရာတွေရဲ့အပိုင်း ဆရာဆရာမတွေနဲ့ မိဘက ကိုယ့်အပိုင်းကိုတော့ တာဝန်ယူရပါမယ်။ စနစ်ဆိုတာဘာလဲဆိုတော့ ပထမ ကျူရှင်စရတဲ့အကြောင်းတကြောင်းကတော့ ဆရာ၊ဆရာမများရဲ့ လစာမလုံလောက်လို့ပေါ့။ လစာမလုံလောက်တဲ့အခါကျတော့ ဘေးက ၀င်ငွေရအောင်လို့ ကျူရှင်ပြတာတွေကဖြစ်လာတယ်။ ပြီးတော့အတန်းထဲမှာ စနစ်မကောင်းတော့ အတန်းထဲမှာ ကောင်းကောင်းစာသင်နိုင်တဲ့ အခြေအနေမရှိတဲ့ အခါကျတော့ မိဘတွေက သူ့သားသမီးတွေ ပညာတတ်စေချင်လို့ဆိုပြီးတော့ ဒီလိုကျူရှင်ပေးတဲ့ဆီကို လွှတ်ထားတာတွေ ဖြစ်လာတယ်။ အဲတော့ မိဘတွေမှာလည်း တာဝန်ရှိတယ်။ ဆရာမတွေမှာလည်းတာဝန်ရှိတယ်။ စနစ်ကိုထူထောင်လိုက်တဲ့ အစိုးရမှာလည်း တာဝန်ရှိတယ်။ အဲဟာတွေကို ပြောင်းလဲချင်တယ်ဆိုရင် ကျမတို့ သုံးဘက်စလုံးကနေပြီးတော့ ၀ိုင်းပြီးတော့ လုပ်ရမယ်”

နိုင်​ငံတနိုင်​ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်​ ပညာ​ရေးစနစ်​က အရမ်းအ​ရေးကြီးတဲ့အတွက် သင်ရိုးညွန်းတမ်းတွေဆွဲဖို့၊ ကျောင်းရဲ့အချိန်ဇယားတွေဆွဲဖို့၊ အားလုံးကို ပြန်စိစစ်ပြီးတော့ အတန်းထဲမှာ လိုအပ်တဲ့ ပညာတွေအားလုံး သင်ပေးနိုင်အောင်စနစ် ပြုပြင်ဖို့ လုပ်ဆောင်နေ တယ်လို့လည်းဆိုပါတယ်။

“တချို့ဆရာမတွေက သူတို့ဆီ ကျူရှင်မယူတဲ့ ကလေးတွေကို အမှတ်လိမ်ပေးတာတွေ ရှိတယ်ဆိုပြီး မကြာခဏကြားရတယ်။ ဒါမျိုးတွေလည်းမလုပ်သင့်ဘူး။ ကျမတို့ ၀န်ထမ်းတွေရဲ့ လခတွေက မြင့်သင့်သလောက်မမြင့်ဘူး။ ကျမတို့မြင့်တင်ဖို့ ကြိုးစားနေတယ်။ သိတဲ့အတိုင်းပဲ မကြာခင်က ၀န်ထမ်းလစာတွေကို ကျမတို့အများကြီးမြှင့်ပေးတယ်။ ဒါပေမယ့်လည်း ဒါက ကျမတို့ တတ်နိုင်သလောက် မနည်းကြိုးစားပြီးတော့ လုပ်ရတာ။ ရပ်မိရပ်ဖတွေဘက်ကလည်း ဒီလို ကျူရှင်ဖက်တွန်းပြီးပေးတဲ့ စိတ်ဓာတ်တွေ ပြောင်းအောင်လို့ ၀ိုင်းပြီးတော့လုပ်ပေးကြပါ။  ”

နိုင်ငံတော်အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်​အောင်​ဆန်းစုကြည်ဟာ ​ကျောင်းသား​တွေ ပညာသင်​ကြား​နေပုံ၊ ကျောင်းသား​တွေရဲ့ ရည်​မှန်းချက်​ စတာ​တွေကို လိုက်​လံကြည့်ရှု မေးမြန်းပြီး ​ကျောင်းသားမိဘတွေနဲ့ရော ဆရာသမား​တွေ ​တွေ့ဆုံခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013