DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက် သပိတ်စခန်းဖွင့်သည့် ကရင်နီလူငယ် ၁၀ ဦး ထပ်မံဖမ်းဆီးခံရ
DVB
·
February 8, 2019
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက် သပိတ်စခန်းဖွင့်သည့် ကရင်နီလူငယ် ၁၀ ဦး ထပ်မံဖမ်းဆီးခံရ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့အန်အယ်လ်ဒီပါတီ ပြည်နယ်ရုံးရှေ့မှာ သပိတ်စခန်းဖွင့် ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်နေကြတဲ့ ကရင်နီလူငယ် ၁၀ ဦးကို  ဒီမနက်က ပြည်နယ်ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။

အခုလို ထပ်မံဖမ်းဆီးခံရတဲ့အပေါ် သပိတ်ကော်မတီ ပြောခွင့်ရသူ ကိုဒီးဒီစစ်မုန်းက “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော၊ လူငယ်တွေရော မနေ့ညက ကျနော်တို့နဲ့ စကားလာပြောတယ်။ ရပ်ကွက်လူငယ်တွေကို ကျနော်တို့ နားလည်အောင်ပြောထားတယ်။ ဒီအပေါ်မှာလည်း သူတို့က မလိုလားတဲ့ အရိပ်အယောင်မပြဘူး။ သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို စာတင်တဲ့အထဲမှာ ကျောင်းကို အနှောင့်အယှက်ဖြစ်တယ်။ ရပ်ကွက်နေပြည်သူတွေကို အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ တိုင်တန်းစာပုံစံ အဲ့လိုလုပ်တယ်။ အဓိက အဲ့စာကို ကိုင်ပြီးတော့မှ ကျနော်တို့ကို လာပြောပြီးတော့မှ လူ ၁၀ ဦးကို ဖမ်းသွားတာ” လို့ ပြောပါတယ်။

ကရင်နီပြည်လူငယ်အင်အားစုရဲ့ သပိတ်စခန်းဖွင့်လှစ်ထားတဲ့နေရာဟာ အန်အယ်လ်ဒီ ပြည်နယ်ရုံးရှေ့မှာဆိုပေမယ့် အ.ထ.က (၄) စာသင်ကျောင်းနဲ့ မနီးမဝေးမှာရှိတာကြောင့် ကျောင်းအုပ်နဲ့တွေဆုံခဲ့ပြီး စာမေးပွဲကို အနှောင့်အယှက်ဖြစ်အောင်လုပ်မှာမဟုတ်ဘူးလို့ ကတိပေးပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့ညကလည်း အဆိုပါသပိတ်စခန်းကို ပြည်နယ်ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပြီး ကရင်နီလူငယ် ၃၆ ဦးကို ဖမ်းဆီးခဲ့ကာ  အဲဒီညမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီလူငယ်တွေနဲ့ အခြားကရင်နီလူငယ်တွေက အဆိုပါညမှာပဲ တကျော့ပြန် သပိတ်စခန်းကို ပြန်ဖွင့်ခဲ့တာကြောင့် ဒီမနက် ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့အထဲမှာ သတင်းမှတ်တမ်းရိုက်ကူးရယူနေတဲ့ လူမှုအသင်းအဖွဲ့တွေက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ သုံးဦးလည်းပါဝင်ပြီး ဖမ်းဆီးခံရသူ အားလုံးကို လွိုင်ကော်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်လှုပ်ရှားနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်ပေါင်း ၅၄ ဦးအထိ တရားစွဲဆိုခံထားရပေမယ့် ကန့်ကွက်လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်လူငယ်တွေဟာ ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းပေးရေး၊ ဒီကိစ္စအပေါ် အန်အယ်လ်ဒီပါတီက တာဝန်ယူဖြေရှင်းပေးရေးနဲ့ ကြေးရုပ်စိုက်ထူဖို့ လူထုဆန္ဒခံပွဲကျင်းပပေးဖို့ စတဲ့ အချက် ၃ ချက်ကို တောင်းဆိုထားပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူအပြီးမှာတော့ ကရင်နီလူငယ်တွေရဲ့ ကန့်ကွက် လှုပ်ရှားမှုတွေ ပိုပြီး ပြင်းထန်လာတာဖြစ်ပါတယ်။

သတင်း၊ ဓါတ်ပုံ- ခွန်းတူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013