DVB Logo
Home
မြန်မာသတင်း
သမ္မတ အမေရိကန်ခရီးစဉ်တွင် မြန်မာ့အပြောင်းအလဲကို နိုင်ငံတကာသိအောင် လုပ်မည်
DVB
·
September 25, 2012
သမ္မတ အမေရိကန်ခရီးစဉ်တွင် မြန်မာ့အပြောင်းအလဲကို နိုင်ငံတကာသိအောင် လုပ်မည်
Donate to DVB

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးမှာ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို နိုင်ငံတကာ သိအောင် ထုတ်ဖော် ပြောကြားသွားမှာဖြစ်ပြီး ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လည်း  ရှင်းလင်း ပြောကြားသွားဖို့ ရှိတယ်လို့  သမ္မတရုံးက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်က စတင်လိုက်တဲ့ သမ္မတရဲ့ အမေရိကန် ၁ ပတ်ကြာခရီးစဉ်ထဲ အဓိက လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက အခုလို ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။

[caption id="attachment_31239" align="alignleft" width="300" caption="သမ္မတ ဦးသိန်းစိန် စက်တင်ဘာ ၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို သွားရောက်ရန် နေပြည်တော်မှ ထွက်ခွာစဉ် (သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

“သမ္မတကြီးက ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရင်းခံပြီးတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြန်လည်ဝင်ရောက်တဲ့ သဘောမျိုးနဲ့ သွားတာပေါ့။ နောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သူလုပ်နေတာတွေ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ၊ နောက် ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ ရှင်းလင်းပြောကြားတာတွေ၊ နောက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမြှင့်တင်သွားဖို့ပေါ့၊ အဓိက အဲရည်ရွယ်ချက်တွေပါ။”

အထူးသဖြင့် မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအခြေအနေတွေ၊ အခက်အခဲ၊ စိန်ခေါ်မှုတွေ အပါအ၀င် နိုင်ငံတကာက ထောက်ပံ့ကူညီမှု လိုအပ်နေတဲ့ အခြေအနေတွေကို သမ္မတအနေနဲ့ ထုတ်ဖော်ပြောကြားသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ တွေ့ဖို့ရှိ မရှိကတော့ မသိရသေးပါဘူး။ ဒါပေမယ့်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင် နာဝပ်၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒပိုင်းက ဂုရုကြီး မစ္စတာဟင်နရီကစ်ဆင်းဂျား၊ ဥရောပသမဂ္ဂ  (အီးယူ) ထိပ်တန်းခေါင်းဆောင်တွေ အပါအ၀င် အမေရိကန်ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တွေ့ဖို့ရှိတယ်လို့ သမ္မတရုံးက ပြောပါတယ်။

သမ္မတရဲ့အမေရိကန်ခရီးမှာ နိုင်ငံပိုင်သတင်းဌာနတွေက သတင်းသမားတွေပဲ လိုက်ပါသွားကြပြီး ပြင်ပ မီဒီယာတွေ ပါမသွားကြပါဘူး။

သမ္မတရဲ့ အမေရိကန်ခရီးစဉ်ဟာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်နဲ့ တိုက်ဆိုင်နေတာနဲ့ ပတ်သက်ပြီး ဝေဖန် ပြောကြားနေကြတဲ့အပေါ်မှာလည်း သမ္မတရဲ့ သဘောထားကို ဦးဇော်ဌေးက ပြောကြားပါတယ်။

“သမ္မတကြီး ခရီးစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တိုက်ဆိုင်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားတာတွေ ရှိပေမယ့် သမ္မတကြီးကတော့ အဲလို သဘောထားမရှိပါဘူး။ မြန်မာနိုင်ငံသားတယောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကမ္ဘာမှာ ထိပ်တန်းဒီမိုကရေစီခေါင်းဆောင်တယောက်အနေနဲ့ ဂုဏ်ပြုခံရတဲ့အတွက် သူကိုယ်တိုင် ၀မ်းမြောက်ဝမ်းသာဖြစ်ပါတယ်။”

ဦးသိန်းစိန်ဟာ နိုင်ငံတော်သမ္မတအနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မှာဖြစ်ပြီး  ၂၀၀၉ ခုနှစ်တုန်းက နအဖအစိုးရအဖွဲ့ ၀န်ကြီးချုပ်အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013