DVB Logo
Home
မြန်မာသတင်း
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာကာချုပ်က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်
DVB
·
February 8, 2019
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာကာချုပ်က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်
Donate to DVB

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပွန်ပီပတ် ဘန်ယာဆရီကို မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူးဆောင် တံဆိပ် ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို ပြည်ပနိုင်ငံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေကို  ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ကြီးပွန်ပီပတ် ဘန်ယာဆရီဟာ ပထမဆုံး ချီးမြှင့်ခံရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ မြန်မာကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး မြန်မာနဲ့ ထိုင်းတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ထိုင်းဘုရင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှာ ညီရင်းအစ်ကိုကဲ့သို့ ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား အကြောင်းအရာပေါင်းများစွာ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ပြီးဖြစ်တယ်။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အတွေ့အကြုံများမှ ခေတ်မီတပ်မတော် တည်ဆောက်ရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာတွေအတွက် အပြန်အလှန် အကြံဉာဏ်ကောင်းတွေ နည်းလမ်းကောင်းတွေ ရရှိခဲ့ကြတယ်။ ရှေးယခင် နောင်တော် တပ်မတော်ဦးစီးချုပ်တွေ လက်ထက်က ရရှိခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို မိမိတာဝန်ယူတဲ့ အချိန်မှစ၍ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်တယ်” လို့ ပြောပါတယ်။

နှစ်နိုင်ငံ အိမ်နီးချင်းအဖြစ်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအဖြစ် ရရှိထားတဲ့ ပူးပေါင်းဆောင်ရွက်မှု အင်အားနဲ့ ဆက်လက် လက်တွဲဆောင်ရွက်ကြမယ်လို့လည်း  မြန်မာတပ်မတော် အကြီးအကဲက ပြောပါတယ်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ဗိုလ်ချုပ်မှူးကြီးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အကြောင်းနဲ့ မြန်မာ့တပ်မတော်လိုပဲ ထိုင်းဘုရင့်တပ်မတော်ဟာလည်း နိုင်ငံရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာ့နိုင်ငံရေး အခြေအနေတွေကို လေ့လာစောင့်ကြည့်လျက်ရှိပြီး တပ်မတော်ကို ထောက်ခံသူများစွာ ရှိသည့်အတွက် ရေရှည်မှာ တပ်မတော်ရဲ့ မှန်ကန်သော ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်ကို သိရှိလာကြမှာဖြစ်တယ်၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရင်ကထက် လျော့မသွားတဲ့အပြင် တနေ့ထက်တနေ့ ပိုမိုတိုးတက်လျက်ရှိတယ်” လို့ ဗိုလ်ချုပ်ကြီးပွန်ပီပတ် ဘန်ယာဆရီက ပြောသွားပါတယ်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်နဲ့ သူရဲကောင်းစစ်သည်ဗိမာန်တို့ကို သွားရောက်လေ့လာခဲ့သလို ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ တခြား အထင်ကရ နေရာတွေကိုလည်း လှည့်လည်ဖို့ ရှိနေပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းဘုရင်မင်းမြတ်ကလည်း ဂုဏ်ပြုတဲ့အနေနဲ့ “Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand” တော်ဝင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013